ထို့ကော်ကိုးလမ်းကြောင်းမှတဆင့် မြဝတီမြို့၌ စစ်ကောင်စီတပ်သားအချို့ ရောက်နေဟုဆို
ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ မေလ ၂၆ရက်ည တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းထိခိုက်မှုရှိပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့(မေလ ၂၆ရက်) ည ၁၀နာရီခန့်ကစ၍ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းရှိရာ ဘုရားကုန်းအနီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက မစ်ဇိုင်းဒုံးများဖြင့် အဆက်မပြတ်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” စကစက ထိခိုက်မှုရှိတယ်လို့ သိရတယ်။ တော်လှန်ရေးအဖွဲ့ကလည်း နှစ်ဦးဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးပြောတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” ဒေါနတောင်ပေါ်မှာ အောင်ဇေယျက ရှေ့တိုးမရတော့ လူကြီးတွေကြိုက်အောင် လျှောက်ပစ်ပြနေတယ် ထင်တာပဲ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်ခဲ့သည်။ ၄ ရက်ဖြင့် မြဝတီ အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ရက်ပေါင်း ၅၀ ခန့်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
မေလ ၂၃ရက်ကလည်း ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းအား အမှတ်(၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocket အဖွဲ့တို့ ပူးပေါင်း၍ Rocket ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများအပါအဝင် ၎င်းတို့၏ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက မေလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ဒေါနတောင်ပေါ်နှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က KNLAနယ်မြေခံတပ်ရင်းများထုတ်သုံး၍ အင်အားဖြည့်မည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက် နေသော ဒေါနတောင်ပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာလက်အောက်ခံ စစ်ကြောင်းမှူးအချို့က ပြောသည်။
စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ထို့ကြောင့် ထို့ကော်ကိုးတောင်ပတ်လမ်းကြောင်းမှတဆင့် စစ်ကောင်စီနှင့်ပူးပေါင်းနေသော ကရင်လက်နက်ကိုင်အဖွဲ့အချို့၏ အကူအညီဖြင့် မြဝတီမြို့သို့ စစ်သားများ ပို့ဆောင်နေသည်ဟု ကြားသိထားကြောင်း ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
မြဝတီမြို့သို့ စစ်ကောင်စီတပ်သားများ ပို့ဆောင်နေမှုနှင့်ပတ်သက်ပြီး ကရင်စစ်ရေးသတင်းရင်းမြစ်က ” သတင်းဌာနတွေမှာ ရေးနေသလို ၄၀၀လောက်ဆိုတာ မဟုတ်ပါဘူး။ ၄၀၀လောက်ဆို တော်လှန်ရေးအဖွဲ့တွေ သွားတိုက်ပြီပေါ့။ အဲလောက်အင်အားများနေရင်။ အခုက ရောက်တာက ရောက်တယ်။ ၅၀ လောက်ပဲရောက်တယ်”ဟု ပြောသည်။ မြဝတီမြို့ စစ်ကောင်စီတပ်သားများ ပို့ဆောင်မှုမှာ ကရင်အဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် အိမ်စီးကားတစ်စီးလျှင် လူနှစ်ဦး၊ သုံးဦး တင်ဆောင်ပြီး လျှို့ဝှက်ပို့ဆောင်ပေးခြင်းဟု ၎င်းက ဆက်ပြောသည်။
အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား တားဆီးတိုက်ခိုက်နေသော တောင်ပိုင်းတိုင်းအမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်ဘရာ ပူးပေါင်းတပ်များအား စစ်ကောင်စီက မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကောင်စီတပ်သားများနှင့် နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု စစ်ကြောင်းမှူးအချို့က ပြောသည်။
စစ်ကောင်စီ၏ နှစ်ဘက်ညှပ်တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဆိုခြင်းနှင့်ပတ်သက်၍ ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ”ဘာမှတော့မကြားပါဘူး”ဟု ဖြေဆိုသည်။ မြဝတီမြို့သို့ စစ်ကောင်စီတပ်သားအချို့ ရောက်ရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး ထပ်မံမေးမြန်းရာ ” ပို့တဲ့သူရှိလို့နေမှာပေါ့”ဟု ပြောထားသည်။
ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း တော်လှန်ရေးပူးပေါင်းတပ်များအား နှစ်ဘက်ညှပ်တိုက်မည်ဆိုသည့်သတင်းမှာ မဖြစ်နိုင်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မြဝတီမြို့၌ ရှိနေသော စစ်ကောင်စီတပ်သား အနည်းငယ်သာရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
(ဒေါနတောင်ပေါ် အာရှလမ်းမပေါ်၌ အောင်ဇေယျစစ်ကြောင်း၏ယာဥ်အား တိုက်ခိုက်ပြီး သိမ်းယူနေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ။ ဓာတ်ပုံ – ကော်ဘရာ)