ပေါက်တောင်ပိုင်း၊ သစ်ချိုကုန်းပျူရွာတွင် ရိက္ခာပြတ်၊ချောင်းရေမှ ဆားချက်သုံးနေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ချိုကုန်း ပျူစောထီးရွာ၌ ရိက္ခာပြတ်နေပြီဖြစ်၍ ချောင်းရေမှ ဆားချက်၍ သုံးနေရကြောင်း သိရသည်။

သစ်ချိုကုန်းပျူစောထီးရွာသို့ စစ်ကောင်စီတပ်က ရိက္ခာ မပို့သည်မှာ တစ်နှစ်ကျော် ရှိပြီ ဖြစ်၍ အခြေခံ ရိက္ခာများ ပြတ်နေခြင်းဖြစ်ကြောင်း ပေါက်တောင်ပိုင်းဒေသခံအချို့ထံက သိရသည်။

“ရိက္ခာ ပြတ်နေကြပြီ။ အခြေခံ ဆား၊ ငပိကို မရှိကြဘူး။ စစ်တပ်ကလည်း ရိက္ခာ မပို့သေးဘူး။ ဆား ဘယ်လိုမှ မရတော့ ချောင်းရေတွေ ကြို ပြီး ဆားချက်စားရတယ်။ စားဖြစ်ရုံပေါ့။ ဘယ်ကောင်းမလဲ” ဟု ပေါက်တောင်ပိုင်း ပကဖ ရဲဘော်တစ်ဦးက ပြောသည်။

သစ်ချိုကုန်းရွာအတွင်းရှိ ပျူစောထီးခေါင်းဆောင်များထံ၌သာ ဆားအချို့ရှိကာ ဝယ်ယူလိုပါက တစ်ပိဿာ ကျပ်၁၀,၀၀၀ အထိပေးရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပေါက်တောင်ပိုင်းရှိ ပျူစောထီး ကျေးရွာများသို့ မြေပြင် စစ်ကြောင်းဖြင့် ရိက္ခာ မပို့သည်မှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီမှ ယခုအချိန်အထိဖြစ်ကာ ထိုကာလအတွင်း၌ ဝေဟင်မှ ခဲယမ်းနှင့်အတူ ရိက္ခာ တစ်ကြိမ်သာ ချပေးဖူးကြောင်း သိရသည်။

သစ်ချိုကုန်းပျူစောထီးရွာတွင် စိုက်ပျိုးမြေများ ရှိသော်လည်း လောင်စာဆီမရှိသဖြင့် စိုက်ပျိုးရေး ကိုလည်း ကောင်းစွာမလုပ်နိုင်ကြောင်းယင်းရွာတွင် ပျူစောထီး ၈၀ ကျော် အပါအဝင် ပြည်သူစုစုပေါင်း ၈၀၀နီးပါးရှိကာ ပြည်သူအများစုမှာလည်း ကျေးရွာ အတွင်း၌သာ ဆက်လက် နေထိုင်လျက်ရှိကြောင်း သိရသည်။

ယခုလအတွင်း ယင်းရွာမှ ပြည်သူ၃၀ကျော် ထွက်ပြေးခဲ့ကြရာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်အတွင်း ထွက်ပြေးလာသော ပြည်သူများနှင့်ပေါင်းလိုက်ပါက ပြည်သူ၂၀၀ နီးပါး ထွက်ပြေးလာကြပြီဖြစ်ကြောင်း ၎င်းထံက သိရသည်။

“အခုနှစ်ထဲ ခဏခဏ ထွက်လာကြတယ်။ ပြည်သူတွေလည်း ငတ်ကြပြီလေ။ တချို့ ကြားနေတွေက စစ်တပ်က လာမှာပါလေ မျှော်လည်း မလာဘူး။ တချို့က ကိုယ်ပိုင်ယာလေး လုပ်စားရဦးမလား နေရင်း၊ နေရင်း တကယ် ငတ်တော့ ‌ထွက်ပြေးလာရတာပဲ” ဟု ပေါက်တောင်ပိုင်းမှ ပြည်သူတစ်ဦးက ပြောသည်။

ပေါက်မြို့နယ်အတွင်း ပျူစောထီး ကျေးရွာ ၁၁ ရွာရှိပြီး အများစုမှာ ပေါက်မြို့၏ တောင်ဘက်ခြမ်း ၌တည်ရှိကာ ယင်းရွာများအားလုံးမှာ ရိက္ခာပြတ်နေကြောင်း သိရသည်။


  • Comments

    Leave a Reply

    Your email address will not be published. Required fields are marked *