ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ကား ၂ စီး ပျက်စီး

ရွာငံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ကား ၂ စီး ပျက်စီး၊ ရေဦးမြို့အနီးရှိ စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တောင်ဦးရွာအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့် လိုက်ပါလာသော ကား ၅ စီးကို ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော်က ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ကား ၂ စီး ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိကာ သေဆုံးမှု စာရင်းကို အတိအကျ အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေး အသေအပျောက်တော့ရှိတယ်။ မြေပြင်က အတည်ပြုမရသေးပါဘူး” ဟု ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနီးရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း-၁၄ (YEU PDF) ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အနောက်ဘက် အထွက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဂိတ်ဖွင့် တပ်စွဲထားသော ရွှေကျီးမင်းဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ယင်း တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ဒရုန်း တပ်စုက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *