အကျဉ်းသား ၅‌ဦး သေဆုံးခဲ့သည့် မြစ်ကြီးနား ထောင်ဆန္ဒပြဖြိုခွင်းမှု အဓိကတာဝန်ရှိသူများကို PPNM ထုတ်ပြန်

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ပြီးခဲ့သည့် ဧပြီလက အကျဉ်းသားများဆန္ဒပြမှုကို ပစ်ခတ်ဖြိုခွင်းရန် အဓိကအမိန့်ပေးစေခိုင်းသူမှာ အကျဉ်းဦးစီးညွှန်ကြားရေးမှူးဦးကျော်စိုးဖြစ်ပြီး အဓိကတာဝန်ရှိသူလေးဦး၏အမည်ကိုမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၂၇ ရက်ကထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့နှင့် အခြားအကျဉ်းသားအချို့သည် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တန်းတူမရှိဟုဆိုကာ ဧပြီလ ၁၈ ရက်နေ့ညနေက ဆန္ဒပြခဲ့ရာ ထောင်ဘက်က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်၏ ဗဟိုကင်းမှ G-3 သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အုတ်ရိုးမျှော်စင်အမှတ် ၃ နှင့် ၄ မှ ကာဘိုင်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သည်ဟု ယင်းဖြစ်စဉ်အပေါ် စုံစမ်းသိရှိရသည့် အခြေအနေအား PPNM က ရှင်းလင်းအသိပေးထားသည်။

ထိုပစ်ခတ်မှုကို အဓိကအမိန့်ပေးစေခိုင်းသူမှာ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းဦးစီးညွှန်ကြားရေးမှူး ဦးကျော်စိုးဖြစ်ပြီး ထောင်ပိုင်ကြီး ဦးကျော်မြင့်စိန်နှင့် ထောင်ပိုင်လေးဦးကျော်မင်းဦးတို့လည်း အမိန့်ပေးစေခိုင်းသူများထဲတွင်ပါဝင်ခဲ့သည် PPNM က ထုတ်ပြန်ထားသည်။ သေနတ်ဖြင့် ပစ်သည့်သူများထဲတွင် တပ်သား ဇော်ဇော်မိုးတို့ပါဝင်သည်ဟု စုံစမ်းသိရှိရကြောင်း PPNM ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

PPNM ဦးဆောင်ကော်မတီဝင်ဦးသိုက်ထွန်းဦးက ” ကျတော်တို့ စုံစမ်းချက်တွေအရ ဦးကျော်စိုးက အဓိက တာဝန်ရှိသူဖြစ်တယ်။ သူဟာ အခုထိမြေကြီးနားအကျဉ်းထောင်မှာပဲ ညွှန်မှူးအနေနဲ့ ရှိနေသေးတယ်။ဖြိုခွင်းမှုမှာဆိုရင် ရဲတပ်ဖွဲ့ရော၊စစ်ကောင်စီရော၊ အကျဉ်းဦးစီးရောပါတယ်” ဟု ပြောသည်။

ဆန္ဒပြမှုကိုပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အသက် ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကိုကျော်စိုးဝင်း ၊အသက် ၂၂ နှစ်အရွယ် ကိုအောင်နိုင်ထွန်းနှင့် အခြားအကျဉ်းသားများဖြစ်သည့် ဦးညွှန့်ဌေး၊ ဦးဝင်းထွန်းနှင့်ကိုယိန်းဘောမ်တို့ ‌သေဆုံးကာ အကျဉ်းသားရှစ်ဦးဒဏ်ရာရခဲ့သည်ဟု PPNMက ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထောင်တွင်းဆန္ဒပြပွဲ ဦးဆောင်သည်ဟူသောအကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ကိုကောင်းစံဟိန်း၊ကိုချမ်းမင်းမင်း ၊ ကိုအောင်ကျော်ဇင်၊ကိုအာကာစိုးတို့အပါအဝင် အခြားအကျဉ်းသား ၁၃ ဦးကိုပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁) ၊ ၆၆(ဃ) တို့ဖြင့် ထောင်ဒဏ်သုံးနှစ်နှင့် ခြောက်လ အမိန့်ချမှတ်၍ ထောင်တွင်းတိုက်ပိတ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း PPNM ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့အပြင် မိသားစုဝင်များ၏ ပါဆယ်ပို့ဆောင်ခွင့်များကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။

ဆန္ဒပြဖြစ်စဥ်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများသေဆုံးခဲ့ရမှုအတွက် အမိန့်ပေးစေခိုင်းသူ၊ပူးပေါင်းပါဝင်သူ ၊ကျူးလွန်သူအားလုံးကို စစ်ကောင်စီအနေဖြင့် အကာကွယ်ပေးထားသည် ဟု PPNM ကဆိုသည်။

ထောင်ပိုင်ကြီး ဦးကျော်မြင့်စိန်နှင့် ထောင်ပိုင်လေး ဦးကျော်မင်းဦးတို့ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီကသတင်းများထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်တွင် အကျယ်ချုပ်ပုံစံထားရှိခြင်းဟု ဦးသိုက်ထွန်းဦးကပြောသည်။

” လူသေဆုံးတဲ့အထိကျူးလွန်ခဲ့တဲ့သူတွေက အခုအချိန်ထိ ဘာအရေးယူခြင်းမှမရှိဘူး”ဟု ဦးသိုက်ထွန်းဦးကပြောသည်။

နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှုပြန်လည်ရရှိစေရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ပြီး လက်ရှိထောင်အာဏာပိုင်များကိုလည်း အမြဲစောင့်ကြည့်နေမည်ဖြစ်ကြောင်း PPNM ကထုတ်ပြန်အသိပေးထားသည်။

ယခုသတင်းနှင့်ပတ်သက်၍မြစ်ကြီးနားအကျဉ်း ထောင်နှင့် နေပြည်တော်အကျဉ်းဦးစီးဌာနအား ယနေ့(မေလ ၂၇ရက်)ညနေတွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်းအဆက် အသွယ်မရရှိပေ။လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အပါအဝင် စုစုပေါင်းအကျဉ်းသား ၅၀၀ ကျော် ထိန်းသိမ်းခံထားရကြောင်းသတင်းရရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *