ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအသစ် စစ်ကောင်စီ ခန့်အပ်

စစ်​ကောင်စီလက်​အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအသစ်အဖြစ် ဗိုလ်ချုပ်ကိုလေးကို ခန့်အပ်တာဝန်ပေးကြောင်း စစ်ကောင်စီက မေလ ၂၈ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။

ဖမ်းဆီးခံရပြီး ယခု​မေလအတွင်း ​ထောင်ဒဏ်ချမှတ်ခံလိုက်ရ​ကြောင်း သတင်းထွက်​ပေါ်​နေသည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် ပတ်သက်၍မူ စစ်ကောင်စီက သီးသန့်ထုတ်ပြန်ခြင်း မရှိပေ။

ဗိုလ်ချုပ်အောင်လင်းထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလထဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခြင်းဖြစ်သည်။

၎င်းကို အွန်လိုင်း​လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လအတွင်းက စစ်​ကောင်စီက ဖမ်းဆီးစစ်​ဆေးခဲ့ခြင်းဖြစ်​ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ​ဖော်ပြခဲ့ကြသည်။

လက်ရှိ ဗိုလ်ချုပ်အောင်လင်းထွန်းနေရာတွင် အသစ်ခန့်အပ်လိုက်သည့် ဗိုလ်ချုပ် ကိုလေးသည် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ် ကို​လေးသည် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် စွမ်း​​ဆောင်မှုဆိုင်ရာ ဂုဏ်ထူး​ဆောင်ဘွဲ့ဖြစ်သည့် ​ဇေယျ​ကျော်ထင်ဘွဲ့ ရရှိခဲ့ဖူးသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အပြောင်းအလဲအချို့ ပြုလုပ်နေပြီး ယမန်နေ့ မေလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီဉက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို ရာထူးက ထုတ်ပယ်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *