ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ ဝိုင်းမော်မြို့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ အကြား အခု မေလ ၁၈ ရက်နေ့မှာ တိုက်ပွဲတွေ ရုတ်ချည်းပြန်ဖြစ်ပြီး ပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာနေ ဒေသခံပြည်သူတွေ အများအပြားနဲ့ မြို့ပေါ်ရပ်ကွပ်က ဒေသခံပြည်သူ အများအပြား စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဝိုင်းမော်မြို့တွင်းမှာ စစ်ကောင်စီရဲ့ အစိုးရဌာနဆိုင်ရာရုံးတွေ အားလုံးနီးပါး ပိတ်သိမ်းကာ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့သွားကြပြီဖြစ်တာကြောင့် မြို့ဟာပိုပြီး ရှင်းလင်းနေတာကို တွေ့ရပါတယ်။

မြို့ပေါ်ရပ်ကွက်၊ ရပ်ကွက် (၂) မှာရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးဟာလည်း တိတ်ဆိတ်နေပြီး အဲဒီရုံးရှေ့က USDP ပါတီရုံး၊ ပြန်ကြားရေးရုံးနဲ့ စည်ပင်ရုံးတွေကိုလည်း ပိတ်ထားတာ တွေ့ရပါတယ်။

ပုံမှန်ဆို လူသူစည်ကားနေတဲ့ မြို့မဈေးကြီးမှာတောင် ဖွင့်ထားတဲ့ ဆိုင်ခန်းနှစ်ခုလောက်ပဲ ရှိပြီး ရပ်ကွက်ထဲက အိမ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေဆိုရင် အများစု ပိတ်ထားကြပါတယ်။

ဝိုင်မော်မြို့ပြင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တဖြည်းဖြည်း မြို့တွင်းဘက်ကို ရောက်ရှိလာပေမယ့် ဝိုင်းမော်မြို့တွင်းကနေ မရှောင်နိုင်ကြသေးတဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနေပြီး ဒီစခန်းတွေကလည်း နှစ်ဖက်တပ်တွေ မြင်အောင် အလံဖြူထောင်ကာ မိုးကာ (အစိမ်းရောင်) တဲတွေဆောက်ပြီး နေထိုင်နေကြဆဲပါ။

ဝိုင်းမော်မြို့ရဲ့ အနောက်ဘက်၊ မြို့နဲ့ ၁၅ မိုင်လောက်အကွာက ဧရာဝတီမြစ်ကမ်းဘေးရှိ နောင်းချိန်းကျေးရွာတခုထဲက စစ်ရှောင်စခန်းတွေထဲမှာတင် စစ်ရှောလာသူ ၂,၀၀၀ ကျော်လောက် ရှိနေပြီး နေ့စဉ်ဝင်ရောက်လာသူတွေလည်း ရှိနေဆဲပါ။
ဒါကြောင့် မိုးမဝင်ခင် နေစရာအိမ်တန်းလျား၊ ဆေးဝါးနဲ့ အိမ်သာတွေ အမြန်ရရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နဲ့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီတပ်ဘက်ကနေလည်း လေကြောင်းအပြင် မြစ်ကြီးနားအမြောက်တပ်ကနေပါ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *