ညှိနှိုင်း၍မရဘဲ စစ်ရေးပဋိပက္ခဖြစ်ပေါ်လာပါက လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်ဟု SSPP ထုတ်ပြန်

နမ့်ခမ်းမြို့နယ်အတွင်းရှိ SSPP အင်အား ၁၀၀ ကျော်ကို TNLA ၀ိုင်းရံ ဖမ်းဆီးပြီး မူဆယ်ဘက်သို့ ပို့ဆောင်

ညှိနှိုင်း၍မရဘဲ စစ်ရေးပဋိပက္ခဖြစ်ပေါ်လာပါက လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်ဟု SSPP ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းထားသည့် စစ်ကောင်စီနေရာကို SSPP ဝင်ရောက်တပ်စွဲထား၍ မူလနေရာသို့ ပို့ဆောင်ခြင်းဖြစ်ဟု TNLAတုံ့ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို တအာင်းတပ်မတော်(TNLA)က ဝိုင်းရံဖမ်းဆီးပြီး မူဆယ်မြို့နယ်ဘက်သို့ ပို့ဆောင်ခဲ့ရာ နှစ်ဖက်အကြား တင်းမာမှုအချို့ ထပ်မံဖြစ်ပေါ်ခဲ့သည်။

နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး ပြဿနာအချို့ ဖြစ်ပွားနေသည့် တအာင်းတပ်မတော် (TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) မဟာမိတ် ၂ ဖွဲ့ ကြား မေလ ၂၇ရက်တွင် နယ်မြေဆိုင်ရာ ပြဿနာ ထပ်မံဖြစ်ပွားခဲ့သည်။ နမ့်ခမ်းဒေသရှိ SSPP/SSA ၏ လှုပ်ရှားမှုခွင် အတွင်းမှ SSPP/SSA တပ်သားများကို သာလွန်အင်အားဖြင့် ဝိုင်းရံပြီး လက်နက်ချရန် လုပ်ဆောင်ခဲ့ကြောင်း SSPPက ယမန်နေ့( ​မေ ၂၇ )တွင်ထုတ်ပြန်သည်။

SSPP အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း ပဋိပက္ခ မဖြစ်ပွါးစေရန် ရှေ့ရှုပြီး အသာတကြည် ဆုတ်ခွါရန်ကမ်းလှမ်းခဲ့သော်လည်း စစ်အာဏာရှင်ဆန်ဆန် SSPP တပ်သားများကို ဖမ်းချုပ်ထားကြောင်း သတင်းရရှိကြောင်း၊ SSPP/ SSA အနေဖြင့် ဘုံရန်သူကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင်ယခုကဲ့သို့ ရမ်းကားစွာ ပြုမူသော
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ၏ လုပ်ရပ်ကို ပြင်းထန်စွားရှုံချကြောင်း ဖော်ပြထားသည်။

SSPP တပ်သားများကို လက်နက်နှင့်တကွ ပြန်လည်အပ်ရန်တောင်းဆိုလိုက်ပြီး အကယ်၍ ညှိနှိုင်း၍မရဘဲ လက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးပဋိပက္ခဖြစ်ပေါ်လာပါက SSPP/SSA အနေဖြင့် လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ ထိုစစ်မက်ဖြစ်ပွါးရခြင်းအကြောင်းသည်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ၏ တဖတ်သတ်ဆန်သော လုပ်ရပ်များကြောင့်သာဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ People’s Spring က TNLA ကိုဆက်သွယ်​မေးမြန်းရာ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လွေးယေဦးက SSPPနှင့် ဖြစ်သည့် ပြဿနာ ပြေလည်ပြီဖြစ်ကြောင်း ပြောသည်။

“ကျမတို့ ဒီကိစ္စက ပြေလည်သွားပြီ။ မဟာမိတ်တပ်ဖွဲ့ SSPPကို ကျမတို့က သူတို့ရဲ့ မူရင်းနေရာ ပြန်ပို့ပေးတာဖြစ်တယ်။ ၁၀၂၇ ကာလအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းချရာနေရာ အဲဒါကို သိမ်းယူလိုက်တဲ့နောက်ပိုင်းမှာ SSPPက ဝင်ရောက်ပြီးတော့ အဲဒီနေရာကို ဝင်ထိုင်တာမျိုးတွေရှိတယ်။ အဲဒီလို မျိုး ဝင်ရောက်နေထိုင်တဲ့ တပ်စခန်းတွေက ကျမတို့ သိမ်းထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုက လူထုတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေများစေတဲ့အတွက်ကြောင့် အဲဒါကြောင့်မို့လို့ သူတို့ကို သူတို့ရဲ့ မူရင်း နေရာ မူဆယ်ဘက်ကို ပြန်ပြီးတော့မှ ပို့ပေးသွားတာဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

SSPP တပ်များ မူရင်းတပ်စခန်း၌ နေရာပြန်ယူရန် ယခင်ကတည်းက ဆွေးနွေးခဲ့ပြီး ယခု လုပ်ဆောင်မှုသည် ဆွေးနွေးမှု ရလဒ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

“လက်ရှိ ကျမတို့ သွားရောက်ပို့ဆောင်တဲ့ SSPP စစ်သားတွေကလည်း သူတို့ရဲ့ SSPP တာဝန်တွေကို ပြန်လည်ပြီးတော့ ထမ်းဆောင်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စသည် ပြေလည်သွားပါပြီ။” ဟု ဗိုလ်လွေးယေဦးကဆက် ပြောသည်။

SSPP ၏ ထုတ်ပြန်ချက်တွင် နမ့်ခမ်းမြို့အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ရရှိထားပြီး ကိုယ်ပိုင်အုပ်ချုပ်နေသော မြို့နယ်များမှာ ရှေးယခင်ကတည်းက ရှမ်း၊ ပလောင်၊ ဝ၊ လီဆူး၊ လီရှော စသောတိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်ရာဒေသဖြစ်ပြီး လူမျိုးတစ်မျိုးတည်း သီးသန့်မြို့နယ်တွင်နေထိုင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြသည်။

လက်ရှိအခြေအနေတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် ၄င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းရှိ ရှမ်းလူမျိုးများနေထိုင်သည့် ရွာများကို အတင်းအကျပ်ပြောင်းရွေ့စေခြင်း၊ ယခင်ကတည်းက တည်ရှိခဲ့သော ရှမ်းဘာသာဖြင့်ရေးသားထားသော ဆိုင်းဘုတ်များ၊ မြို့အမည်များကို အပြီးတိုင်ဖျက်သိမ်းလျှက် တအာင်းပလောင်ဘာသာစကားဖြင့် အစားထိုးခြင်း၊ ယခင် စစ်ကောင်စီအုပ်ချုပ်ရေးရုံးများရှိ ရှမ်းပြည်နယ်စာသားများအား ပလောင်ပြည်နယ်ဟုအစားထိုးရေးသားခြင်းများ လုပ်ဆောင်နေသည်ဟု​ဖော်ပြခဲ့သည်။

ယခု နမ့်ခမ်းဒေသတွင် ရှေးယခင်ကတည်းက SSPP/SSA တပ်များ၏ လှုပ်ရှားဒေသများမှ SSPP/SSA တပ်သားများကို ပြန်လည်ဆုတ်ခွါရန် ဖိအားပေးခြင်းများ ပြုလုပ်နေဆဲဖြစ်ပါကြောင်း၊SSPP/SSA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များအား လူမျိုးဘာသာ မခွဲခြားဘဲ ကောင်းမွန်စွာ စောင့်ရှောက် ပြီး ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ၏ နှင်ထုတ်မှုကြောင့် ထွက်ပြေးလာရသော ဒုက္ခသည် များကိုလည်း ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နှစ်ဖက် လက်နက်ကိုင်တပ်များ စစ်ရေးပဋိပက္ခ မဖြစ်ပွါးစေရန်အတွက် လှုပ်ရှားနယ်မြေများ ခွဲဝေရေး ညှိနှိုင်းမှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သော်လည်း TNLAက မေလ ၂၇ရက်တွင် သာလွန်အင်အားဖြင့် SSPP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

(TNLA တပ်ဖွဲ့ဝင်များ နှင့် SSPP/SSA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- TNLA၊ SSPP Info )


Comments

Leave a Reply

Your email address will not be published. Required fields are marked *