ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက မံစီနှင့် မိုးမောက်ရှိ စစ်ကောင်စီ တပ်ရင်း ၃ရင်းကို ထိုးစစ် ဆင်နေရာ လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မံစီမြို့နယ်တွင် အမှတ် ၃၁၉ ခြေမြန်တပ်ရင်း၊ အမှတ် ၆၀၁ ခြေမြန်တပ်ရင်း၊ မိုးမောက်မြို့နယ်၌ အမှတ် ၄၃၇ ခြေမြန် တပ်ရင်းတို့ ရှိပြီး ၎င်းတို့သည် ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ- ၂၁)ကို ကာကွယ်ထားသည့် ရှေ့တန်းတပ်ရင်းများ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “မံစီနဲ့မိုးမောက်ဘက်မှာ ဒီမနက် လက်နက်ကြီးတွေနဲ့ ထိုးစစ်ပြန်စနေပါပြီ။ ဗန်းမော်ဘက်နေ စစ်ကောင်စီက ပစ်သလို ကျနော်တို့ဘက်ကလည်း အပြန်အလှန် ပစ်နေတာဖြစ်ပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်း ပဲ၊ သိမ်းနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ လိုပါသေးတယ်” ဟု ပြောသည်။

မေလ ၇ ရက်ကတည်းက ဗန်းမော်မြို့ အရှေ့ဘက် မိုးမောက်မြို့နှင့် တောင်ဘက်ရှိ မံစီမြို့တို့ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ရဲစခန်းများနှင့် မြို့ပေါ် နေရာတချို့ ထိန်းချုပ်ထားနိုင်သော်လည်း တပ်ရင်းဌာနချုပ်များအား ယနေ့အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

ထိုတပ်ရင်းများမှ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းများ သုံးကာ အပြင်းအထန် ခုခံနေသည့်အပြင် စိန်လုံ၊ ယောယုံ တို့ကဲ့သို့ တပ်စခန်းကြီးများမှ ထွက်ပြေးလာသည့် စစ်သားများနှင့် မံစီတောင်ဘက်ရှိ မဒယန်၊ ကိုက်ထပ်၊ မဂျီဂေါင်၊ မံဝိန်းကြီး၊ မိုင်းခေါင်တို့ကဲ့သို့ စခန်းများမှ ဆုတ်သွားသည့် စစ်သားများလည်း မံစီနှင့် မိုးမောက်ရှိ တပ်ရင်းများတွင် ပူးပေါင်းကာ အင်အား အလုံးအရင်းဖြင့် ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “အဓိကတော့ သူတို့က လေကြောင်းနဲ့ အကြီးအကျယ်တုံ့ပြန်နေတာ။ ဒုတိယအချက်ကတော့ သူတို့ စစ်အင်အားတွေ တော်တော်များတယ်။ တောင်ပေါ်ဘက်စခန်းက စစ်အင်အားတွေအကုန်လုံး အဲဒီဘက်မှာ စုနေတာ။ ဒါကြောင့် အင်အားလည်း များတယ်။ ဗန်းမော်ဘက်နဲ့လည်း နီးတယ်ဆိုတော့ စစ်ကူလည်း နီးတာပေါ့။ လေကြောင်းတို့ ဒရုန်း၊ လက်နက်ကြီးတို့ တော်တော်များများသုံး ပြီးမှ ခုခံနေတာပေါ့။ အဲဒါကြောင့်သိမ်းပိုက်နိုင်ဖို့ နည်းနည်းကြန့်ကြာနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ခံစစ်ပြင်ထားသည့် မံစီနှင့် မိုးမောက်မှ တပ်ရင်းများတွင် တပ်ရင်း တရင်းလျှင် အင်အားငါးရာခန့်အထိရှိနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်တဦးက ခန့်မှန်းထားပြီး ထိုတပ်ရင်းများအား KIA ပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်နိုင်မည် ဆိုပါက ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ရန် စစ်မျက်နှာပွင့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

၎င်းက “ပုံမှန်အားဖြင့် တပ်ရင်းဌာနချုပ်တွေက တိုက်ရခက်ပါတယ်။ ဝင်းတွေကလည်း ကြီးတယ်၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးကျင်း၊ ဘန်ကာ စသဖြင့် အပြည့်အစုံ လုပ်ထားတာပေါ့။ မံစီနဲ့ မိုးမောက် ကျသွားရင် ဗန်းမော် စစ်မျက်နှာ က အရှေ့ဘက်ရော၊ တောင်ဘက်ရော ပွင့်သွားပြီပေါ့။ အဲဒီနှစ်ခု ကျသွားတာနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ့် အဆင့်ရောက်သွားပြီးတော့ စစ်မျက်နှာမှာပွင့်ထွက်သွားတာပေါ့။ ဗန်းမော်ကို အရှေ့က ကာထားတာ ဘာမှမရှိတော့ဘူး” ဟု ပြောသည်။

ဗန်းမော်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပြင် တပ်မ ၈၈ ရှေ့တန်းတပ်ရင်းဌာနချုပ်၊ အမြောက်တပ် ရင်း အမတ ၃၆၆ နှင့် အခြား လက်ရုံးတပ်ရင်းများလည်း အခြေစိုက်နေရာယူထားသည်။

လတ်တလော တိုက်ပွဲပြင်းထန်မှုကြောင့် မံစီနှင့် မိုးမောက်မြို့ရှိ အရပ်သားအများအပြား ဗန်းမော်မြို့ပေါ်နှင့် ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေသည်။

မိုးမောက်မြို့နယ်တွင် ဧပြီ ၂၂ ရက်က စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဇောတိချောင်း ရွာခံ အမျိုးသမီးတဦးနှင့် အလင်းကောင်အောက်ချိုင့်ရွာရှိ အမျိုးသားနှစ်ဦး သေဆုံးခဲ့ရကြောင်း ဗန်းမော်မြို့ အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောသည်။

ထို့ပြင် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ ရွှေစည်ရွာက ကလေးငယ်တဦးလည်း ဝမ်းဗိုက် လက်နက်ကြီးစထိမှန်ခဲ့သည့် အတွက် ခွဲစိတ်ကုသခဲ့ရပြီး လတ်တလောအချိန်အထိအသင်းက ကူညီကယ်ဆယ်ခဲ့သည့် ထိခိုက်ဒဏ်ရာရသူ အရေ အတွက်မှာ ဆယ်ဦးထက်မနည်းရှိပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

၎င်းက “ကလေးက ဝမ်းဗိုက်ကို ရှပ်ထိသွားတာ၊ သူ့ရဲ့အူတွေကို ခွဲပြီးတော့ အူကိုဆက်တာပေါ့၊ သူ့ကိုတော့ ကယ်လိုက် နိုင်ပြီ။ နောက်ထပ် လက်နက်ကြီးထိထားတဲ့ ကလေးလည်း ရှိသေးတယ်။ စာရင်းပဲ ယူခဲ့ရသေးတယ်။ တိုက်ပွဲက မံစီနဲ့ မိုးမောက်မှာ အများဆုံးဖြစ်နေတာ။ ဗန်းမော်မြို့ထဲတော့ ဘာမှမဖြစ်သေးဘူး။ တခါတလေဆို ဗန်းမော်ဘက်က ရွာ တွေထဲကို လက်နက်ကြီးကျတာတွေရှိတယ်။ ဗန်းမော်ဘက်ကနေ လက်နက်ကြီး ပစ်လိုက်ရင် အသံကြားရတယ်။ အခု တောင် အသံကြားနေရတယ်” ဟု ယမန်နေ့ မွန်းလွဲပိုင်းက ပြောသည်။

ဗန်းမော်မြို့ပေါ် တပ်ရင်းများကလည်း မံစီနှင့် မိုးမောက်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အပြင် ဗန်းမော် – မံစီကြား ခလရ-၄၇ တပ်ရင်းရှိရာ ဖန်းခါးကုန်းရွာအနီးနှင့် ဗန်းမော်-မိုးမောက်ကြား ကွန်ပျူတာတက္ကသိုလ် အနီးတို့ တွင် စစ်တပ်က လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် တိုက်ပွဲထိခိုက်ဒဏ်ရာရသော အရပ်သားများ အား ကူညီ ကယ်ဆယ်ရာ၌ အခက်အခဲများရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ဗန်းမော်မြို့ပေါ်ရှိ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် မံစီနှင့် မိုးမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် လာသူ ထောင်နှင့်ချီရှိနေကြောင်းလည်း ဗန်းမော်အခြေစိုက် လူမှုကူညီရေးအသင်းများက ပြောကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *