ယင်းမာပင်မြို့ အနီးရှိ စစ်တပ် ကင်းပုန်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ မင်းလှမြို့နယ် ထွေ/အုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရန် ပြုလုပ်စဉ် ပြည်သူများ ရောက်ရှိလာ၍ ဖျက်သိမ်းခဲ့ရ

ယင်းမာပင်မြို့ အနီးရှိ စစ်တပ် ကင်းပုန်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ မင်းလှမြို့နယ် ထွေ/အုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရန် ပြုလုပ်စဉ် ပြည်သူများ ရောက်ရှိလာ၍ ဖျက်သိမ်းခဲ့ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃ဝ မိနစ် မှ ၁၂ နာရီထိ ယင်းမာပင်မြို့ တောင်ဘက်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ဖက်ပွင့် မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကြောင်း သိရသည်။

အလားတူ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် ယင်းမာပင်မြို့ ဆိုင်းဘုတ် အနီးတွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ၍ တစ်ဖက်ပွင့်မိုင်းများဖြင့် တိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDFနှင့် ဒေါင်းမင်းတပ်ရင်းခွဲ ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တပ်ဆွဲထားသည့် စစ်ကောင်စီတပ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် လုပ်ဆောင်နေစဉ် ပြည်သူများရှိနေသဖြင့် ဖျက်သိမ်းခဲ့ရကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် မင်းလှမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် လုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်သားများ အနီးသို့ ပြည်သူအချို့ အချိန်ကိုက် ရုတ်တရက်ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက် မည့်အစီအစဉ် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက ဗုံးခွဲရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး အခက်အခဲများကြားမှ အသက်နှင့်ရင်းကာ အချိန်ယူပြင်ဆင်ခဲ့ရသော်လည်း ပြည်သူများ ထိခိုက်မှုမရှိစေရန်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

ပြည်သူများအနေဖြင့် စစ်ဆင်ရေးများ အောင်မြင်စေရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး စသည့်စစ်ကောင်စီလက်အောက်ခံ တပ် စခန်း များ၊ ရုံးများအနီး နေထိုင်သွားလာခြင်း မပြုလုပ်ကြခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ် ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *