ရွှေဈေး ၅၇ သိန်းကျော်လာ၊ ရွှေလုပ်ငန်းရှင်တချို့ တိမ်းရှောင်

အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၅၇ သိန်းကျော်အထိ စံ ချိန်တင်ဈေးနှုန်းမြင့်တက်လာသလို၊ အခေါက် ရွှေရောင်းဝယ်သည့် လုပ် ငန်းရှင်တချို့မှာလည်း တိမ်းရှောင်မှုများပြုလုပ်လာကြကြောင်း ဈေး ကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “ရွှေဈေးကတော့ ကျပ် ၅၇ သိန်း ကျော်သွားပြီ။ ဘယ် လောက်ကျော်လည်းဆိုတာတော့ မှန်းရခက်တယ်။ ရောင်းတဲ့သူတွေလည်း မရှိဘူး။ အဖမ်းအဆီးတွေ ဖြစ်လာတော့မယ်ဆိုပြီး ပြေးနေ၊ ရှောင်နေကြပြီ။ ဈေးတက်တာတော့ တိုင်းပြည်နဲ့ နိုင်ငံရေးအခြေအနေလည်း ပါမှာပေါ့။ အခု အခေါက်ရောင်းတဲ့ ဆိုင်တွေကတော့ ပိတ်တယ်။ အထည်ရောင်းတဲ့ဆိုင်တွေကပဲ များပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တာဆိုတော့ ဈေးကတော့ ဒါကျမှကျမယ့် သဘောပဲ” ဟု ပြောသည်။

လက်ရှိ ဈေးကွက်အတွင်း၌ ဈေးနှုန်းအဆမတန် မြင့်တက်နေသော ကြောင့် စစ်ကောင်စီဘက်မှ အသွင်ယူဖမ်းဆီးမှုလုပ်လာနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသဖြင့် လုပ်ငန်းရှင်အများစုမှာ ဖမ်းဆီးခံရမည် စိုး ၍ ရှောင်တိမ်းနေရကြောင်း သိရသည်။

အထက်ပါလုပ်ငန်းရှင်က “တချို့လည်း လုံးဝအရောင်းပိတ်ထားတာတို့ ဒေါ်လာသမားတွေလည်း ဟိုနေ့က ဖမ်းသွားတယ် ကြားတယ်။ ရွှေလည်း ဘယ်တော့ ဖမ်းမလဲ မသိဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ရွှေ‌ဈေးတက်သည်ဆိုသော်လည်း အနည်းငယ်သာ မြင့်တက်ခြင်းဖြစ်ပြီး ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးမှာ ရုတ် တရက် ထိုးတက်လာသည့်အခြေအနေဖြစ်ကြောင်း ရွှေနှင့် ငွေကြေး ဈေး ကွက်အတွင်းရှိ လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးဈေးတွင် အကယ်ဒမီအခေါက် ရွှေ တကျပ်သား ကျပ်သိန်း ၄၀ ဝန်းကျင်ရှိနေသောကြောင့် ပြင်ပဈေးနှင့်နှိုင်းယှဉ်ပါက တကျပ်သားလျှင် ကျပ် ၁၇ သိန်းကျော် ကွာဟမှုရှိနေကြောင်း တွေ့ရသည်။

လတ်တလောတွင် ဒေါ်လာဈေး၊ ဘတ်ဈေးများနှင့် ရွှေဈေးနှုန်းများ မြင့်တက်နေသဖြင့် သွင်းကုန်ကိုသာ အဓိကအားထားနေရသည့် မြန်မာနိုင်ငံအနေဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာမည့် အခြေအနေလည်း ရှိနေသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *