အဖွဲ့အစည်းဟောင်းဖြစ်တဲ့ စစ်ကောင်စီတပ်ကို ကိုယ်ကိုယ်တိုင် ပြန်တိုက်ချင်တာကြောင့် လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောလာသူကတော့ အသက် ၄၆ နှစ်အရွယ် တပ်မတော်သားဟောင်း တစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးပါ။
“ကျွန်တော့်တပ်ရင်းကို သိမ်းတဲ့အချိန်ကျရင် ကျွန်တော်ကိုယ်တိုင်သိမ်းချင်တဲ့ဆိုတဲ့ စိတ်နဲ့ ကျွန်တော်ရောက်လာတာ ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်လည်း ဒီကောင်တွေကို ပြန်ပြီးတော့ တိုက်မယ်ဆိုတဲ့ ခံယူချက်က ရှိထားပြီးသား။ ကိုယ်ကိုယ်တိုင်ပဲ သမချင်တဲ့စိတ်နဲ့ပေါ့နော်။ သူတို့ဒီလောက်ထိ ဘာလို့ ရက်စက်နေတုန်း။ လူသားမျိုးနွယ်တစ်စုလုံးကို။ ဒီလူငယ်တွေ ကလေးတွေ ကျောင်းသားတွေ ရဟန်းသံဃာတွေ အများကြီးပေါ့။ သူတို့ ရက်ရက်စက်စက် လုပ်နေကြတယ်။”
ကိုအောင်ကြီးဟာ တပ်မတော်သားဘဝကို ကိုယ်တိုင် ရွေးချယ်ခဲ့တာမဟုတ်ဘဲ ၁၉၉၆ ခုနှစ် သူ ၁၀ တန်းကျောင်းသားဘဝမှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး စစ်တပ်ထဲရောက်သွားခဲ့တာပါ။
စစ်သင်တန်းကျောင်းက ပင်ပန်းခက်ခဲလွန်းတာကြောင့် အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ ဖမ်းဆီးခံရပါတယ်။ တပ်ထဲကနေ ထွက်ပြေးလိုက် ပြန်ဖမ်းဆီးခံရလိုက်နဲ့ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်နိုင်တော့ဘူးလို့ သေချာသွားတဲ့အခါ စစ်ပညာသင်ယူဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
သူဟာစစ်ကောင်စီတပ်ထဲမှာ ဒုတပ်ကြပ် ရာထူးနဲ့ ၁၀ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ သူ့အထက်အရာရှိက ပင်စင်ယူလိုက်တဲ့အခါ အရာရှိရဲ့ ခြံစောင့်လုပ်ကိုင်ဖို့ တပ်က ထွက်ခွင့်ရခဲ့တယ်လို့ ပြောပါတယ်။
တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်က လူ့အခွင့်အရေးဆုံးရှုံးမှုတွေ၊ ကြီးနိုင်ငယ်ညှင်းတာတွေကို ကြုံခဲ့ရတယ်လို့ လည်း ကိုအောင်ကြီးက ဆိုပါတယ်။
“လူသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေးဆိုတာ သူ့အတိုင်းအတာနဲ့သူရှိတယ်။ တပ်တွင်းစည်းကမ်းဆိုပေမယ့် စည်းကမ်းထက်ဘောင်ကျော်ပြီး ကြီးနိုင်ငယ်ညှင်း လုပ်တာ၊ အဆင့်ရာထူး အာဏာအလိုက် တစ်ယောက်နဲ့ တစ်ယောက် ဖိနှိပ်ချုပ်ချယ်တာ၊ ကျွန်တော်တပ်ထဲရောက်သွားတဲ့အချိန် ငါးနှစ်ဝန်းကျင်လောက်ကို အိမ်ကိုဖုန်းခေါ်ခွင့်မရတာတွေ၊ ဆက်သွယ်ခွင့်မရတာတွေ တပ်ထဲမှာ အဲလောက်ထိပတ်ဝန်းကျင်နဲ့ လုံးလုံးအဆက်အသွယ် ဖြတ်ထားတာတွေက အခုမှ မဟုတ်ဘူး။ ဟိုကတည်းက ဒါတွေ ရှိခဲ့တယ်။”
တပ်ထဲကထွက်လာပြီး တစ်နှစ်လောက်အကြာမှာ သာသနာ့ဘောင် ဝင်ခဲ့ပါတယ်။ ၁၀ နှစ်လောက် သင်္ကန်းဝတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ လူဝတ်လဲခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ ကိုအောင်ကြီးဟာ ဆန္ဒပြပွဲတွေမှာ ရှေ့ပြေးအနေနဲ့ လမ်းကြောင်းရှင်းပေးသူ၊ လိုက်လံမှတ်တမ်းတင်သူအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက် နှိမ်နင်းလိုက်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်ဖို့ လူငယ်တွေ တောခိုကြပါတယ်။ အဲဒီလူငယ်တွေကို သူတတ်ကျွမ်းခဲ့တဲ့ စစ်ပညာကို လက်ဆင့်ကမ်းပို့ချပေးဖို့ ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ကိုအောင်ကြီး ဆုံးဖြတ်ခဲ့ပါတယ်။
“ကိုယ် အထဲမှာနေခဲ့တုန်းကတောင် ဒီလောက် ဒုက္ခသုက္ခတွေ ရောက်ခဲ့တာ။ သူတို့သာ တစ်နိုင်ငံလုံးကို အုပ်ချုပ်သွားမယ်ဆိုရင် ငါတို့ရဲ့ အနာဂတ်ကလေးတွေရဲ့ ဘဝတွေက မတွေးရဲစရာတွေ အများကြီး ကြုံလာရတော့မယ်။ ဖိနှိပ်မှုတွေ အများကြီး ကြုံလာရတော့မယ်။ ညှင်းပန်းမှုတွေ အများကြီး ကြုံလာရတော့မယ်။ ဘယ်လို တွန်းလှန်ရမလဲဆိုတဲ့နေရာမှာ တိုက်ပြီးယူရမှာလား။ တောင်းပြီးယူရမလား။ တိုက်ယူမယ်ဆိုရင် တစ်ချိန်တုန်းက ငါ့မှာ တိုက်ပွဲအတွေ့အကြုံတွေ ရှိတယ်။ ငါတတ်ထားတဲ့ ပညာတွေက လက်ရှိမှာ အသုံးချလို့ရတယ်။ တော်လှန်ရေးအတွက် တောထဲရောက်သွားတဲ့ ကလေးတွေ အများကြီးရှိလာပြီ။ အဲဒီကလေးတွေကို လက်ဆင့်ကမ်းပေးခဲ့မယ်ဆိုရင် ငါမတိုက်နိုင်ခဲ့ရင်တောင် သူတို့ဆက်ပြီး တိုက်ယူသွားလို့ရတယ်ဆိုတဲ့ အတွေးမျိုးနဲ့ တောထဲကို စပြီးရောက်လာတာ။”
တောထဲစရောက်ချိန်မှာ ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကိုအောင်ကြီးကို အသက်အရွယ်ကြောင့် တိုက်ခိုက်ရေးပိုင်းမှာ လက်မခံချင်ကြပါဘူး။ ဒါကြောင့် PDF ရဲဘော်တွေ စားသောက်ရေးအတွက် အချက်အပြုတ် တာဝန်ယူခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကိုအောင်ကြီးကို တပ်မတော်သားဟောင်းမှန်း သိသွားချိန်မှ တိုက်ခိုက်ရေးသင်တန်း ပို့ချပေးခွင့်ရပါတယ်။
“မြို့ပြကို ပြန်တက်ရမဲ့ ကလေးတွေရှိတယ်။ အဲလိုကလေးမျိုးတွေကို သင်တန်းမောင်းပေးပါဆိုပြီး သင်တန်းဆရာအဖြစ် စလုပ်ခိုင်းတယ်။ တိုက်ခိုက်ရေးနဲ့ ပတ်သက်တဲ့ ပညာ၊ မြေပြင်အနေအထားမျိုးတွေ၊ ရှေ့တန်းစစ်မြေပြင်ထွက်မယ်ဆိုရင်တောင် တောထဲ မြို့ပြပေါ်မူတည်ပြီး စစ်ရေးစစ်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပို့ချပေးခဲ့တယ်။”
လေးကေ့ကော်၊ ဖလူး စတဲ့ တိုက်ပွဲတွေအပါအဝင် စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ ၂၀ ကျော်မှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကိုအောင်ကြီးက ဆိုပါတယ်။ တိုက်ပွဲတစ်ခုမှာ လက်နက်ကြီးအစ ထိမှန်ခဲ့တာကြောင့် ခွဲစိတ်ကုသခဲ့ရပြီး အဲဒီဒဏ်ရာကြောင့် သူ တိုက်ပွဲထပ် မဝင်နိုင်တော့ပါဘူး။
“ရိုးရိုးဓာတ်မှန်ရိုက်ပြီး စစ်လိုက်တဲ့အခါ နှလုံးဝန်းကျင်မှာ တစ်ခုခုရှိနေတယ်ဆိုတဲ့ အကြောင်းရတယ်။ ဘယ်ဘက်လက်ရဲ့ အောက်ခြမ်းတစ်ခြမ်းလုံးက တစ်ချက်တစ်ချက်မှာ တစ်ခါတစ်လေ ကိုင်လို့ကိုင်မှန်းမသိဘူး။ ထိလို့ထိမှန်းမသိဘူး။ လက်သန်းဆိုရင် ဘယ်အချိန်ချိုးချိုးနာတာလည်း မသိဘူး။ အဲလိုမျိုးတွေပေါ့။ မဲဆောက်မှာ သုံးကြိမ်လောက်ရှိပြီ။ ဆိုင်ကယ်ခဏခဏ တိုက်မိတာတို့ ကိုယ့်ကိုယ့်ကိုယ် ရေနွေးပူလောင်းချမိတာတို့ လက်ထဲမှာ ကိုင်ထားတာတွေကို မခံစား မသိရှိဖြစ်လာတော့ တောထဲ ပြန်သွားလို့ မဖြစ်တောဘူးဆိုပြီး ဖြစ်သွားတာ။”
ကျန်းမာရေးကြောင့် လက်နက်ကိုင်လို့မရတော့တဲ့ ကိုအောင်ကြီးဟာ ခုတော့ ထိုင်းနယ်စပ်မှာ နေထိုင်ရင်း ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေအတွက် ထောက်ပို့အလုပ်ကို အဓိကထား လုပ်ဆောင်နေပါတယ်။
“တော်လှန်ရေး နယ်ပယ်အတွက်သော်လည်းကောင်း၊ စစ်ရှောင်တွေအတွက်သော်လည်းကောင်း အဲလိုတွေအတွက်ကို အော်ဒါလက်ခံပြီး ချက်ပို့ပေးရတာတွေ၊ တောထဲက ရဲဘော်တွေအတွက်ကိုလည်း အခြောက်အခြမ်းတွေ ကြော်လှော်ပြီး ပို့တာတွေ လုပ်တယ်”
ကိုအောင်ကြီးဟာ ကျန်းမာရေးအခြေအနေကြောင့် ရှေ့တန်းမှာ တိုက်ပွဲမဝင်နိုင်တဲ့အတွက် လိပ်ပြာမလုံဘဲရှေ့တန်းက ရဲဘော်တွေအတွက် အမြဲပူပန်နေရတယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့တန်းစစ်မြေပြင်မှာ ကိုယ်တိုင်မပါဝင်နိုင်တော့ပေမဲ့ လိုအပ်တဲ့ ထောက်ပံ့ရေး ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ကိုပဲ ကြိုးစားနေပါတော့တယ်။
Leave a Reply