မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ များပြားနေပြီး ဖယ်ရှားရန် ကြံစည်မှုများ ရှိလာနိုင်

နေပြည်တော်တွင် စစ်တပ်ထိပ်ပိုင်းအသိုင်းအ၀ိုင်းက မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ များပြားနေပြီး ဖယ်ရှားရန် ကြံစည်မှုများ ရှိလာနိုင်ဟု Crisis Group က ပြောဆို

စစ်ကောင်စီတပ် စစ်ရှုံးသွားသည့် နယ်မြေများတွင် တိုင်းရင်းသားများက ကိုယ်ပိုင်နိုင်ငံငယ်များ ထူထောင်ရန် လမ်းပွင့်နေ

နေပြည်တော်တွင် စစ်တပ်ထိပ်ပိုင်းအသိုင်းအ၀ိုင်းက မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ များပြားနေပြီး ၎င်းကို ဖယ်ရှားရန် ကြံစည်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံတကာ Crisis Group က အစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်သည်။

မြို့တော်နေပြည်တော်ရှိ စစ်တပ်ထိပ်ပိုင်း အလွှာများအကြားတွင် စစ်တပ်၏ ဆုံးရှုံးမှုများ တိုးပွားလာခြင်းနှင့် စိတ်ပျက်ဖွယ်ရာများ တိုးပွားလာခြင်းက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှေ့ရေးအနာဂတ်ကို မသေချာမရေရာမှုများရှိနေကြောင်း Crisis Group က ဆိုသည်။

“မင်းအောင်လှိုင်က သူ့တာဝန်နဲ့ရာထူး အလုပ်ကို ဆက်ထိန်းထားနိုင်ပေမယ့် မကျေနပ်မှုအဆင့်အရတော့ သူ့ကို ဖယ်ရှားဖို့ ကြံစည်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်” ဟု Crisis Group က သုံးသပ်ထားသည်။

စစ်ကောင်စီအနေဖြင့် ထိုင်း-မြန်မာနယ်စပ် နယ်နမိတ်မှ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းဒေသများအထိုနယ်နမိတ်များကို စွန့်လွှတ်နေရကြောင်း Crisis Group ၏ အစီရင်ခံစာကဆိုသည်။

“တိုက်ပွဲတွေ အောင်မြင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရရှိတဲ့ နယ်မြေတွေနဲ့ တိုးချဲ့နယ်မြေဧရိယာတွေကို စုစည်းထိန်းချုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံငယ်လေးတွေ ထူထောင်ဖို့ လမ်းကြောင်း ပေါ်ရောက်ရှိနေတယ်” ဟု Crisis Group ၏ အစီရင်ခံစာက ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်နယ်နမိတ်များအပါအဝင် ကြီးမားသော နယ်မြေများကို ဆုံးရှုံးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယင်းနယ်မြေများကို ထိန်းချုပ်စုစည်း အုပ်ခွင့်ရရှိနေကြောင်း နိုင်ငံတကာမှ မြန်မာ့အရေး လေ့လာသည့် SAC-M နှင့် Crisis Group တို့\ အစီရင်ခံစာ နှစ်ခုက ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်သော နိုင်ငံ နယ်မြေ ၈၆ ရာခိုင်နှုန်းသော မြို့နယ်နယ်နမိတ်များကို စစ်ကောင်စီက ဆုံးရှုံးနေပြီး အုပ်ချုပ်နိုင်စွမ်းမရှိတော့ကြောင်း မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။

“နိုင်ငံတစ်ခုရဲ့ အစိုးရ တစ်ရပ်အဖြစ် တာဝန်များကို ထမ်းဆောင်ဖို့အတွက်လုံလောက်တဲ့ နယ်မြေအကျယ်အဝန်းကို မထိန်းချုပ်နိုင်တော့ပါဘူး။ စစ်ကောင်စီအနေနဲ့ အရေးပါတဲ့ နယ်မြေများကို စွန့်လွှတ်ခဲ့ပြီး ကျန်ရှိနေတဲ့ နယ်နမိတ်တွေမှာ ခံစစ်ပြင်ဆင်မှုတွေေအတင်းကျပ် ခိုင်းစေနေပါတယ်” ဟု မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။

စစ်ကောင်စီသည် ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ နယ်နမိတ်များကို စွန့်လွှတ်ခဲ့ရသည်။

စစ်ကောင်စီက နယ်နမိတ်အများအပြား ဆုံးရှုံးနေချိန် အိမ်နီးချင်းနိုင်ငံများ၊ ဒေသဆိုင်ရာ အစုအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်သင့်သည်ဟု SAC-M နှင့် Crisis Group တို့က ဆိုကြသည်။

ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော် စံချိန်တင် မြင့်မားလာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီများ၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီအဖြစ်မှန်ကို နားလည်ပြီး မြန်မာ ပြည်သူတွေကို အရေးပေါ် အကူအညီနဲ့ အကူအညီတွေ ပေးအပ်နိုင်ဖို့ တော်လှန်ရေး တပ်ဖွဲ့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်” ဟု SAC-M တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်သည့် Yanghee Lee က ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *