မုံရွာမြို့ရှောင်လမ်းတွင် ကင်းပတ်လာသည့် ရဲများတိုက်ခိုက်ခံရပြီး လေးဦးသေ​ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှောင်လမ်းတွင် ကင်းပတ်လာသည့် စစ်ကောင်စီ​၏ ရဲများ တိုက်ခိုက်ခံရပြီး လေးဦးသေ​ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၃ဝရက် နံနက် ၁၀နာရီခန့်က မုံရွာမြို့၊ မြို့ရှောင်လမ်းတွင် အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ် တိုက်ခိုက်ခံရပြီး ကားပေါ်ပါ လေးဦးသေဆုံးခဲ့ကာ ​လက်နက်အချို့လည်း သိမ်းဆည်းခံရလိုက်ကြောင်း မြို့ခံအချို့က ပြောသည်။

“ပတ်ကင်းကားကို ပစ်တာ။ သေနတ်တွေလည်း ရလိုက်တယ်”ဟု မုံရွာကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

ကားပေါ်ပါ ရဲအုပ်ကျော်ဝင်းသူ၊ ရဲဒုတပ်ကြပ် ကျော်စွာ၊ ရဲတပ်သား သိန်းထိုက်စိုးနှင့် ရဲတပ်သား ညီညီစိုးပိုင်တို့ သေဆုံးခဲ့ကြောင်း မုံရွာရပ်ကွက်ကင်းထောက်များထံမှ သိရသည်။

ပစ်ခတ်သံများကြားလိုက်ရပြီးနောက် အခင်းဖြစ်ရာနေရာသို့ လူနာတင်ကား ငါးစီးထက်မနည်း မောင်းနှင်သွားကြောင်း ဒေသခံများက ပြောသည်။

“မုံရွာမြို့မှ ကြိုဆိုပါ၏နေရာကို ပေါက်တဲ့လမ်းမှာဖြစ်တာ။ ပစ်ခံရပြီးတော့လမ်းတွေအကုန်ပိတ်ထားတယ်။ ရဲတပ်ရင်းထဲလည်းကားတွေဝင်သွားတယ်။”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မေလ ၇ရက်ကလည်း မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်ဘုရားအနီး တာဝါတိုင်စခန်းရှိ စစ်ကောင်စီတပ်သားများ ရေခပ်ဆင်းချိန် တိုက်ခိုက်ခံရပြီး နှစ်ဦးပွဲချင်းပြီးသေဆုံးကာ G3 သေနတ်တစ်လက် သိမ်းဆည်းခံလိုက်ရသေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *