ဟိုပုံးမှာ တစ်အိမ် တစ်လ အလှည့်ကျ အုပ်ကြီးနဲ့ ဆယ်အိမ်မှူးတွေ လုပ်ရမယ်

ဟိုပုံးမှာ တစ်အိမ် တစ်လ အလှည့်ကျ အုပ်ကြီးနဲ့ ဆယ်အိမ်မှူးတွေ လုပ်ရမယ်လို့ဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမှာ ပြည်သူ့စစ်မှုထမ်းကိစ္စကို မလုပ်ချင်ကြတော့လို့ အုပ်ကြီးနဲ့ ဆယ်အိမ်မှူးတွေ နှုတ်ထွက်မှာဖြစ်ပြီး လုပ်ချင်သူမရှိပါက တစ်အိမ်တစ်လ အလှည့်ကျလုပ်ရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်က ပြုလုပ်တဲ့ ဟိုပုံးကရပ်ကွက်အစည်းအဝေးတွေမှာ ပြည်သူ့စစ်မှုထမ်းကိစ္စအတွက် လူသစ်ရှာဖွေစုဆောင်းရတာကို မလုပ်ချင်ကြတော့လို့ အုပ်ကြီးနဲ့ဆယ်အိမ်မှူးတွေ နှုတ်ထွက်ဖို့ပြောရာကနေ လုပ်ချင်သူ မရှိပါက တစ်အိမ်တစ်လ အလှည့်ကျလုပ်ရမယ်ပြောတာလို့ သိရပါတယ်။

“လုပ်ချင်တဲ့သူ နယ်မြေတစ်ခု တစ်ယောက်ထွက်ပေးပါတဲ့၊ လုပ်ချင်တဲ့သူမရှိရင် အလှည့်ကျလုပ်ရမယ်တဲ့” လို့ ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဖို့ အရွယ်ရှိတဲ့ အိမ်က တစ်အိမ်ကို ကျပ် ၁ သိန်းနဲ့ မရှိတဲ့အိမ်က ကျပ် ၁ သောင်းထက်မနည်း လတိုင်းထည့်ရမယ်ပြောလို့ အပျိုကြီး ၂ ယောက်ထဲရှိတဲ့အိမ်က မထည့်နိုင်ဘူးလို့ ထပြောသလို တချို့က သူတို့သားတွေပါတော့ လူငှားရှိတာကိုပဲတော်သေးတယ်ဆိုပြီး ထည့်မယ်၊ တချို့လည်း ဘယ်လောက်ကြာမယ်မသိတဲ့ အတိုင်းအတာမှာ မထည့်နိုင်ဘူးလို့ ပြောကြရင်း အုပ်ကြီးနဲ့ဆယ်အိမ်မှူးတွေ နှုတ်ထွက်ပြီး တစ်အိမ်တစ်ယောက် အလှည့်ကျ လုပ်ဖို့ဖြစ်လာတာလို့ ဆိုပါတယ်။

“လုပ်ဖို့ ဘယ်သူမှ မထွက်ဘူး၊ ဒီလောက် ဒုက္ခပေးတဲ့အလုပ်ကို လုပ်ချင်သူ ဘယ်သူမှ မရှိဘူး။ ပြီးတော့ ဒီကိစ္စက ဘယ်တော့မှရပ်မှာလည်း မသိနိုင်ဘူး။ ဒီတော့ ဘယ်သူမှ မလုပ်ချင်သလို ထည့်လည်း မထည့်ချင်ဘူး။ ကလေးတွေကိုလည်း မလွှတ်ချင်ဘူး” လို့ ယင်းအစည်းအဝေးမှာပါတဲ့သူတစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ဖြစ်တဲ့ အရှေ့ရပ်၊ အနောက်ရပ်၊ တောင်ရပ်၊ မြို့ဦးရပ်ကွက်နဲ့ ဟိုခိုရပ်တွေက ၁ ရပ်ကွက်ကို ၃ ယောက်စီနဲ့ ရှေ့စစ်မှုထမ်း အပတ်စဉ် ၂ ခု အတွက် လူငှား တစ်ဦးကို ကျပ် သိန်း ၅၀ စီနဲ့ ထည့်ဝင်ခဲ့ကြပြီးနောက် နောက်လာမယ့် အပတ်စဉ် ၃ အတွက်လူငှားထည့်ဖို့ စီစဉ်နေကြတာမှာ လူငှားရဖို့ မလွယ်ကူလို့ စျေးအပြောင်းအလဲရှိမယ်ပြောတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်တပ်ရဲ့လျော့နည်းလာတဲ့ စစ်အင်အားကို ဖြည့်တင်းနိုင်ဖို့ ပြည်သူ့စစ်၊ ပျူစောထီး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်စစ်မှုထမ်းဥပဒေတွေ စတာတွေအပြင် စစ်တပ်ကိုပါ နောက်ဆုံးအခြေအနေဖြစ်တဲ့ တန်းပြည့်စစ်မှုထမ်းချိန်သတ်မှတ်တာကို ပြုလုပ်လာနေတာဖြစ်ပြီး မြန်မာကျပ်ငွေ ရက်ပိုင်းအတွင်း အဆမတန် တန်ဖိုးထိုးကျနေကာ ကုန်စျေးနှုုန်းတွေ အလျင်အမြန် ကြီးမြင့်လာနေတဲ့ တိုင်းပြည်တွင်းအခြေအနေမှာ စစ်ကောင်စီက အတင်းအဓမ္မ လူသစ်စုဆောင်းနေတာမှာ ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *