ဂက်စ်အိုး ဖလှယ်ရာက ယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပြီး တစ်ဦး သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရ

မန္တလေးမြို့မှာ ဂက်စ်အိုး ဖလှယ်ရာက ယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပြီး တစ်ဦး သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်က လျှပ်စစ်နဲ့ မီးဖိုချောင်ပစ္စည်း အရောင်းဆိုင် မနေ့က မနက်ပိုင်း ဂက်စ်အိုး ဖလှယ်ရာက ယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပြီး တစ်ဦး သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာ ရတယ်လို့ သတင်း ရရှိပါတယ်။

မေ(၃၁)ရက် မနေ့က မနက်ပိုင်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၁)လမ်းနဲ့ (၈၂)လမ်းကြား၊ (၃၂)လမ်းနဲ့ (၃၃)လမ်းကြားက လျှပ်စစ်နဲ့ မီးဖိုချောင်သုံးပစ္စည်း အရောင်းဆိုင်မှာ ဂက်စ်အိုး ဖလှယ်ရာက ယိုစိမ့်မှုဖြစ်ကာ မီးလောင်မှု ဖြစ်ပွားတာလို့ စစ်အုပ်စု မီးသတ်က ဆိုပါတယ်။

အဲ့ဒီ မီးလောင်မှုကြောင့် နေအိမ် သုံးလုံး ပျက်စီးသလို အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး ခြောက်ဦး မီးသင့် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားရကာ စိုးရိမ်ရသူတွေ ရှိပြီး မနေ့က ညနေပိုင်းမှာ ဒဏ်ရာရသူတွေထဲက အမျိုးသား တစ်ဦး သေဆုံးသွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။

“မီးလောင်မှုကြောင့် ဒဏ်ရာရတဲ့ အမျိုးသားက ဆေးကုသမှု ခံနေတုန်းမှာ ဆုံးသွားတယ် ကြားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ ဆိုင်ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာကို စစ်အုပ်စုက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ(၁၀)ရက်ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ် (၇၈)လမ်း၊ (၈)လမ်းနဲ့ (၉)လမ်းကြားမှာ မီးသွေးမီး အသုံးပြုပြီး ချက်ပြုတ်ရာက နေအိမ်(၃၃)လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက လျှပ်စစ်မီး လုံလောက်အောင် မပေးတာကြောင့် ပြည်သူတွေအနေနဲ့ ထင်း၊မီးသွေးနဲ့ ဂတ်စ်တို့ကို လောင်စာ အစားထိုး အသုံးပြုနေရကာ မီးဘေးအန္တရာယ်ပါ ပိုမို ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကိုယ့်အိမ် မီးလောင်တဲ့အခါ စိတ်ညစ်ရတာ တစ်မျိုး၊ ပြီးရင် ရဲနဲ့ တရားရုံးကို သူတို့ တောင်းသလောက် ပိုက်ဆံ ပေးနေရတယ်။ အဖမ်းမခံချင်ရင်၊ ပိုက်ဆံပေးရင်တော့ အဖမ်းမခံရဘူးပေါ့။ ရှင်းတာတော့ အတော် ရှင်းရတယ်”လို့ မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက အမြတ်ထုတ် ငွေညှစ်တဲ့အကြောင်း မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။

လူဦးရေ နှစ်သန်းခန့်ရှိတဲ့ မန္တလေးမြို့ကို အာဏာသိမ်း စစ်အုပ်စုက လျှပ်စစ်မီး လုံလောက်အောင် မပေးဘဲ ပြီးခဲ့တဲ့ သင်္ကြန်ကာလက စလို့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပိုမို ဆိုးရွားလာကာ လက်ရှိမှာ တစ်နေ့ကို သုံး၊ လေးနာရီလောက်သာ လျှပ်စစ်မီး သုံးစွဲခွင့် ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေကို မီးမပေးဘဲ ဖြတ်တောက်ထားပေမယ့် မေ(၂၉)ရက်က အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မေမြို့ကို လာရောက်ချိန် မြို့ကို (၂၄)နာရီ မီးပေးခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ မေ(၃၁)ရက် မနေ့က မနက်ပိုင်း မီးလောင်မှု ဖြစ်ပွားနေစဉ်/Photo – Than Htay


Comments

Leave a Reply

Your email address will not be published. Required fields are marked *