TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်

TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်

စစ်ကောင်စီနှင့် မြန်မာအစိုးရအဆက်ဆက် ခွင့်ပြုထားသော သတ္တုလုပ်ငန်းနှင့် အခြားပုဂ္ဂလိကလုပ်ငန်း၏ လိုင်စင်နှင့်ခွင့်ပြုမိန့်များကိုလည်း TNLA က ပယ်ဖျက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA ထိန်းချုပ် နယ်မြေအတွင်း မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်လိုက်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ်အတွင်းရှိ သဘာ၀ပတ်ဝန်းကျင်း ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက် လုပ်ငန်းများ ပြင် ဆင်ဆောင်ရွက်နေဆဲကာလဖြစ်နေသဖြင့် မြေရှားသတ္တု လုပ်ငန်းကို စမ်းသပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော် ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများကို မည်သည့် လုပ်ငန်းရှင်တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း၊ အထက်ပါ ညွှန်ကြားချက် လိုက်နာဆောင်ရွက်ခြင်းမရှိပါက TNLA က ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေတွင် ယခင်မြန်မာအစိုးရ အဆက်ဆက်နှင့်စစ်ကောင် စီလက်ထက် က ထုတ်ပေးခဲ့သည့် မြေရှားသတ္တုလုပ်ခြင်းအပါအဝင် လုပ်ငန်းများအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် TNLA က ကြေညာသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF မှ တအာင်းပြည်ရှိ မိဘပြည်သူများ၏ ရေရှည် အကျိုး စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင် မြန်မာအစိုးရ အဆက် ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာ ရယူပြီး လည်ပတ် လျက်ရှိသည့် တအာင်းပြည်တွင်းရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအားလုံး ယာယီ ရပ် ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာအစိုးရ အဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာများကို အသိအမှတ် မပြုကြောင်း၊ ထိုလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရ မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်များကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် မတိုင်မီ နောက်ဆုံးထား ရယူလျှောက် ထား ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

သတ်မှတ်ထားသည့် ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမပြုပါက ထိုလုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက် စပ်သည့် အဆောက်အုံ၊ ပစ္စည်း အစရှိသည့်များကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည် ဖြစ်သည့် အပြင် ထိုလုပ်ငန်းလည်ပတ်ရန် ဆက်လက်ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA ၏ တည်ဆဲဥပဒေ အရ အရေး ယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထား သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က မြို့နယ် ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ယင်းနယ်မြေများကို TNLA ၏ အုပ်ချုပ်ရေးယန္တရားများဖြင့် လည်ပတ်အုပ်ချုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *