ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ခေါ်ယူထိန်းသိမ်းထားပြီး ရွှေအသင်း၏ YGEA Facebook တွင် စျေးနှုန်းသတ်မှတ်ခြင်းများကို စစ်တပ်က ကြီးကြပ်တင်ခိုင်းနေ

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှုန်းများ တည်ငြိမ်ရေးအတွက်ဟုဆိုကာ စစ်ကောင်စီက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ခေါ်ယူထိန်းသိမ်း ထားကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့ ရွှေစျေးနှုန်းများ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၉ သိန်းအထိ အမြင့်ဆုံး မြင့်တက်သွားချိန် စစ်ကောင်စီက ရွှေကုန်သည် ၂၁ ဦး ဖမ်းဆီးခြင်း နှင့် ရွှေဆိုင်ပိုင်ရှင်၊ ဝယ်ရောင်းပွဲစား ၁၀ ဦးတို့ကို ဖမ်း၀ရမ်းထုတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်ရွှေသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)က ခေါ်ယူထားကြောင်း သိရှိရသည်။

“ဖမ်းတာတော့မဟုတ်ပါဘူး။ ခေါ်ထားတာပေါ့။ ဒီလိုပဲ စျေးတက်လာရင် ခေါ်နေတာပဲလေ။ ဖမ်းတာ အမှုဖွင့်တာမျိုးမရှိဘူး။ အိမ်နဲ့ အဆက်အသွယ်ရှိတယ်။ ထမင်းပို့လို့ရတယ်။ ဆက်သွယ်လို့ရတယ်။ တစ်ခါတစ်လေ စစ်တပ်က သဘောကောင်းရင်တော့ မနက်ပိုင်း စသုံးလုံးရုံးကိုလာ တစ်နေကုန်နေ၊ ညနေပြန် ဆိုတာမျိုး ခေါ်တာမျိုးလည်းရှိတယ် ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန် ရွှေအသင်း၏ YGEA Facebook စာမျက်နှာတွင် နေ့စဉ် ရွှေစျေးနှုန်း သတ်မှတ်တင်ပြခြင်းများကို စသုံးလုံးနှင့် စစ်ထောက်လှမ်းရေး(စရဖ)က အနီးကပ်ကြီးကြပ်ကွပ်ကဲနေကြောင်း သိရှိရသည်။

“အခုက ရွှေစျေးနဲ့ ငွေစျေးကို ချမယ်ဆိုပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်ပြီး စီမံချက်နဲ့ လုပ်နေတာဆိုတော့ သူတို့က အကုန်လုံးကို ထိန်းချုပ်ထားတာ။ YGEA Facebook ကို စစ်တပ်က ကြီးကြပ်ကွပ်ကဲနေတာ” ဟု ရန်ကုန်ရွှေကုန်သည်က ဆိုသည်။

လတ်တလော ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းနှင့် ၅၄ သိန်းအကြားရှိနေချိန် စစ်ကောင်စီ ထိန်းချုပ်ထားသော YGEA Facebook တွင် နေ့စဉ် အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းဝန်းကျင်သာ ရွှေစျေးနှုန်း သတ်မှတ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ရွှေအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် (ဘယ်အစွန်မှ စတင်ရေတွက်လျှင် ဒုတိယမြောက် တိုက်ပုံအဝါ)၊ ရွှေအသင်းဥက္ကဋ္ဌ (ဘယ်အစွန်မှ စတင်ရေတွက်လျှင် တတိယမြောက် တိုက်ပုံအဖြူ၊ မျက်မှန်တပ်ထားသော ပုဂ္ဂိုလ်)။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top