ဆင်ဖြူကျွန်းတွင် စစ်တပ်က ဆိုင်ကယ်နှစ်ယောက်စီးသည့် လူငယ်များအား ဖမ်း​ဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးသည့် လူငယ် ၁၆ ဦးထက်မနည်းအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက် နံနက် ၉ နာရီခန့်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ဆုတ်လေဦးလမ်းဆုံတွင် စစ်သား၊ ရဲနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများပါသော ပူးပေါင်းအဖွဲ့က ယာဥ်များအား တားစစ်ပြီး အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်များအား ဖမ်းဆီးခဲ့ရာ ၁၆ ဦးထက်မနည်း ဖမ်းဆီးခံကြောင်း ဒေသခံများက ပြောသည်။

“အဖမ်းခံရတာ အမျိုးသားတွေချည်းပါ။ စလင်းမြို့နယ်အထွက်မှာလည်း ဖမ်းသေးတယ်တဲ့ အဲ့နေ့ကပဲ။အဓိကတော့ ငွေညှစ်တဲ့သဘောပဲ။ ပိုက်ဆံမရရင် လူရမယ် ဆိုပြီးလုပ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဆိုင်ကယ် ၁၀စီးထက်မနည်း သိမ်းဆည်းသွားကြောင်းလည်း သိရသည်။

ဖမ်းဆီးသွားသည့်ပြည်သူများ၏ နောက်ဆက်တွဲအခြေအနေ စုံစမ်းနေပြီး လက်နလောမသိရသေးပေ။

စလင်းမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး စစ်အုပ်စုထိခိုက်မှုများရှိနေသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top