မြန်မာတည်သရွေ့ ကြံ့ခိုင်ရေးပါတီ တည်ရှိရမယ်လို့ ဦးခင်ရီကြုံးဝါး

စစ်သားတွေ အကုန်လုပ်တတ်တယ်လို့ဝင့်ကြွားပြီး ယူနီဖောင်းပြောင်းလာသူတွေအုပ်စိုးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မနေ့ ဇွန်လ ၈ ရက်နေ့က ၁၄ နှစ်ပြည့်ခဲ့ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်ရေးရုံးချုပ်မှာ မနေ့ကပြုလုပ်တဲ့ ပါတီနှစ်ပတ်လည်ပွဲမှာ ဥက္ကဋ္ဌ ဦးခင်ရီက “(၁၄) နှစ်မြောက်မှသည် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမယ်။ မြန်မာတည်သရွေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တည်ရှိရမယ်” လို့ ကြုံးဝါးပြောဆိုသွားပါတယ်။

ဆက်လက်ပြီး သူတို့ပါတီဟာ နိုင်ငံရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့လိုအပ်ချက်တွေကြောင့် ပေါ်ပေါက်လာခဲ့ရတာလို့ နအဖခေတ် ဦးသန်းရွှေလက်ထက် ရဲချုပ်ဟောင်းက ပြောပါတယ်။

ရှေ့လူတွေက ပါတီပိုကောင်းအောင်လုပ်ခဲ့သလို သူ့လက်ထက်မှာလည်း USDP ရေရှည်တည်မြဲရေး၊ အောင်မြင်ရေးတို့အတွက် အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်သလို Smart Party ဖြစ်အောင် ကြိုစားမယ်လို့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုလုံးမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေကို အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့သူ ၎င်းက ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဆိုပြီး တည်ထောင်ခဲ့ရာကနေ ၂၀၁၀ ခုနှစ် ဇွန်မှာ ပါတီသို့ ကူးပြောင်းချိန် ပထမဆုံး ပါတီဥက္ကဋ္ဌအနေနဲ့ ဦးသိန်းစိန်က တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀ ရွေးကောက်ပြီးနိုင်ပြီး ဦးသိန်းစိန် သမ္မတ တာဝန်ယူသွားပြီးနောက် ၂၀၁၁ ခုနှစ်မှာ ယာယီဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်းခန့်အပ်ခံရပါတယ်။

၂၀၁၅ ခုနှစ် ဩဂုတ်မှာ ပါတီတွင်း ပဋိပက္ခတွေဖြစ်ပွားပြီးနောက် ဦးရွှေမန်းနဲ့ ကမ္ဘာ့ရတနာဘဏ် ဥက္ကဋ္ဌ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ ဖယ်ရှားခံခဲ့ရပါတယ်။ အဲဒီနောက် ဦးဋ္ဌေးဦးက ဥက္ကဋ္ဌနဲ့ ဦးတင်နိုင်သိမ်းက အတွင်းရေးမှူးတို့ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ်ပါတီညီလာခံပြုလုပ်ခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့ ဦးသန်းဋ္ဌေးကို ပါတီဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့ပါတယ်။

အဲဒီနောက် ယာယီဥက္ကဋ္ဌအဖြစ် ဦးခင်ရီတာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ် တတိယအကြိမ်ပါတီညီလာခံကနေ ဦးခင်ရီကပဲ ပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ သူတို့အရေးမသာလို့ ရှုံးနိမ့်ခဲ့ရတဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွေမှာ စစ်တပ်ကို အာဏာသိမ်းဖို့ လှုံ့ဆော်ရာမှာ ပါတီထိပ်ပိုင်းတာဝန်ယူထားသူတွေ ကြိုးပမ်းခဲ့ကြတယ်လို့ သူတို့ပါတီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြန်လည်ပြောကြားထားကြပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ကို အာဏာသိမ်းဖို့ သူ့လက်အောက်က စစ်သားကြီးတွေက သွားရောက်တိုက်တွန်းခဲ့ပေမဲ့ ဦးသိန်းစိန်က ငြင်းခဲ့ပြီး အဲဒီအချိန်က အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေကို လက်ရှိ ဒုဥက္ကဋ္ဌ ၂ ဦးလှထွန်းကို ဦးဆောင်ပြုလုပ်စေခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာတော့ ဦးသန်းဋ္ဌေးနဲ့ ပါတီခေါင်းဆောင်တွေဟာ NLD က မဲမသမာမှုတွေ လုပ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီသွားပြီး စည်းရုံးတိုက်တွန်းခဲ့ရာမှာ အောင်မြင်သွားပြီးနောက် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ လွှတ်တော်တွေ စတင်ခေါ်ယူမယ့်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး လက်ရှိ သုံးနှစ်နဲ့ လေးလကျော်ကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံး အဖက်ဖက်မှာ ချွတ်ခြုံကျခဲ့ရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *