မောင်တောတွင် အကြမ်းဖက်စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို အာရက္ခတပ်တော် (AA) က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်နေ့များတွင် AA မှ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရခိုင်သတင်းရင်းမြစ်ထံက သိရသည်။

“နခခ ၉ နဲ့ နခခ ၆ က လက်နက်မချတဲ့ တပ်ဖွဲ့ဝင်တွေ ကို ဖမ်းလာတာလို့ပြောတယ်။ ပင်လယ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်။ နခခ ၂ နဲ့သွားပူးပေါင်းတဲ့ လူတွေလည်းရှိတယ်။ ဖမ်းတဲ့အထဲ ပါလာတဲ့အရာရှိတွေကို စစ်ဆေးနေတယ်”
ဟု သတင်းရင်းမြစ်ကပြောသည်။

AA သည် စစ်ကောင်စီ၏ နခခ-၆ အင်းဒင်စခန်းနှင့် နခခ-၉ နယ်ခြားစောင့်စခန်းတို့ကို ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းများမှ လက်နက်မချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၁၀ ရက်နေ့ကပင် အလယ်သံကျော်ကမ်း ခြေတွင် နခခ-၄ နှင့် နခခ-၉ တို့မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားများ၏ စက်လှေကို ကမ်းထိုးယာဉ်ပေါ်မှ အရာရှိများ၏ ပစ်ခတ်မှုကြောင့် စက်လှေ နစ်မြုပ်ပြီး စစ်ကောင်စီမိသားစုဝင်တချို့ ပျောက်ဆုံးမှု များဖြစ်ပွားခဲ့သည်။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်အတွင်းရှိ အလယ်သံကျော် နားခေါင်းတိုစခန်းများအပါအဝင် အခြားလက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာ လက်နက်ချအညံ့ခံပါက အသက်အန္တရာယ် ကင်းဝေးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

AA သည် ယခုဇွန်လ ပထမပတ်အတွင်းတွင် မောင်တောရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ဂွဆုံပြင်၊ မြင်းလွှတ်၊ အင်းဒင်၊ နခခ-၉ စခန်းတို့ကို သိမ်းယူခဲ့ပြီး လတ်တလောတွင် ကျန်ရှိနေသည့်စခန်းများအနက် နခခ-၄ နှင့် မောရဝတီဗျူဟာတို့ကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

ပုံစာ -မေ ၄ ရက်နေ့က မောင်တောတွင် AA ထံအညံ့ခံသည့် စစ်ကောင်စီ တပ်သားများပုံ(ပုံဟောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *