ရန်ကုန် ရေပေါ်ဆီလူငယ်များ ကျက်စားရာ ကလပ်နှင့်ဘားတွင် ညစဉ် လူစည်မြဲ

ရန်ကုန်မြို့၌ စစ်ကောင်စီတပ်၏ ရှောင်တခင်အဖမ်းအဆီးများကြောင့် ညဘက် အပြင်ထွက်သူနည်းသွားသော်လည်း ရေပေါ်ဆီလူငယ်များ ကျက်စားရာ ကလပ်နှင့် ဘားများတွင်မူ ညစဉ် လူပြည့်နေမြဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ညကလပ်များနှင့် ဘားများသည် စစ်ကောင်စီတပ် နှင့် နားလည်မှုယူကာ ည ရှစ်နာရီမှ နံနက်လေးနာရီအထိ ညစဉ်ဖွင့်လှစ်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဘားတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကျွန်တော်က Cue Barမှာ လုပ်တာ။ ဆိုင်ခွဲတွေက မြို့နယ်အချို့မှာရှိတယ်ပေါ့။ သင်္ဃန်းကျွန်းမှာ ဖွင့်ထားတဲ့ Cue Barဆို ဘာလိုလိုအကုန်ရတယ်ဗျာ။ မိန်းမလား၊ မူးယစ်ဆေးလားပေါ့။ ဆိုင်အပြင်ကနေ သံပန်းတံခါးပိတ်ပြီး မနက်လေးနာရီအထိ ဖွင့်တာ။ လူကတော့ တစ်ရက်ကို ၈၀ကနေ ၂၀၀ကြားပုံမှန်လာပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ Pioneer ကလပ်သို့ ယနေ့(ဇွန်၁၁ရက်)ည သွားရောက်မည့် လူငယ်တစ်ဦးကိုမေးမြန်းရာ Package တစ်ခုလျှင် ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းအထိရှိပြီး ငါးဦးဝင်ခွင့်ပြုကြောင်း၊ VIP Packageတစ်ခုလျှင် နှစ်သိန်းခွဲမှ ငါးသိန်း အထိရှိပြီး ၁၀ ယောက်အထိ ဝင်ခွင့်ပြုကြောင်းနှင့် တစ်ဦးချင်းဝင်လိုပါက ကျပ်နှစ်သောင်း ပေးရကြောင်း ပြောသည်။

“လာကြတဲ့သူအများစုက တစ်ညကို နှစ်သိန်းလောက် အသာလေးသုံးနိုင်သူတွေချည်းပဲ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် စစ်မှုထမ်းဥပဒေဂယက်ကြောင့် လူငယ်အများစု သည် ည၈နာရီနောက်ပိုင်း၌ အကြောင်းကိစ္စရှိမှသာ သတိထားသွားလာတော့ပြီး ပြင်ပသွားလာသူ အနည်းစုသာရှိတော့ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် သုံးနိုင်ဖြုန်းနိုင်သည့် လူတန်းစား တစ်ရပ်သာ ကလပ်နှင့် ဘားများသို့ သွားကြကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army (YA) ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျတော်တို့ခေါင်းထဲကို အမှိုက်မထည့်ဘူး။ သူတို့လည်း သူတို့အလုပ်သူတို့ လုပ်တာပါ။ ဒါပေမယ့် စကစရဲ့ယုတ်မာမှုတွေကို အဲ့ရေပေါ်ဆီတွေ တစ်နေ့မဟုတ်တစ်နေ့ ကြုံကြရမှာပါ။ အဲ့အချိန်ကျမှ သူတို့သေချာသိသွားကြပါလိမ့်မယ်။ သူတို့သိသွားတဲ့အချိန်မှာနောက်ကျသွားပြီဆိုတဲ့ နောင်တတွေပါတွဲပြီးခံစားရပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ကျနော်တို့ရွေးချယ်ခဲ့တဲ့ စကစကို အမြစ်ဖြုတ်ရေး ကိုပဲ ရှေ့ဆက်သွားကြမှာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ နာမည်ကြီး ကလပ်ရှစ်ခုသို့ တစ်ညလျှင် လူ ရာနှင့်ချီ သွားရောက် ပျော်ပါးနေကြကြောင်း စုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *