သံတွဲမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အတွက် ငပလီကမ်းခြေက ဟိုတယ်လုပ်ငန်းအားလုံး ရပ်ဆိုင်းသွား

(ဒေသခံပြည်သူတွေပိုင်တဲ့ မြေတွေကို အတင်းဓမ္မသိမ်းယူပြီး ဟိုတယ်ဆောက်ထားတဲ့ ခရိုနီတွေ အထူး စိုးရိမ်နေကြရပြီဟုဆို)

အာရက္ခတပ်တော် (AA) ၏ သံတွဲဒေသထိုးစစ်များမှာ ပြင်းထန်နေဆဲဖြစ်ပြီး သံတွဲမြို့နှင့် အလွန်နီးကပ်လာရာ တိုက်ပွဲဧရိယာနှင့် ထိစပ်နေသည့် ကမ္ဘာကျော် ငပလီကမ်းခြေဇုန်မှ ခရိုနီများ ပိုင်ဆိုင်သော ဟိုတယ်များအပါအဝင် ဟိုတယ်လုပ်ငန်းများအားလုံး ပိတ်သိမ်းလိုက်ရပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ သံတွဲမြို့အနီးထိ နီးကပ်လာသဖြင့် ဒေသခံ ပြည်သူပိုင် မြေများကို အတင်းဓမ္မသိမ်းယူပြီး ဟိုတယ်ဆောက်ထားသည့် ခရိုနီများ အထူး စိုးရိမ်နေကြဟု ၎င်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ဟိုတယ်အများစုကတော့ တိုက်ပွဲဖြစ်ပြီးကတည်းက ပိတ်ထားတာ လနဲ့ချီပြီး ကြာပြီ။ တချို့ဟိုတယ် ခပ်သေးသေးတွေဆိုရင် သူဌေးချောင်းဘက်မှာတိုက်ပွဲတုန်းကပဲ ပိတ်ထားလိုက်ပြီ။ အခုဆို ဟိုတယ် ပိုင်ရှင် ခရိုနီကြီးတွေ မျက်ခုံးလှုပ်နေကြပြီ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုလေ့ရှိတဲ့ ဂေါ့ကမ်းခြေက Jasmine Ngapali Resort ဟိုတယ်ကိုလည်း အေအေက ထိန်းချုပ်ထားလိုက်ပြီလို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

သံတွဲ ငပလီတွင် ခရိုနီကြီးများ ပိုင်ဆိုင်ထားသည့် ဟိုတယ်များမှာ ဦးအောင်မျိုးမင်းဒင်ပိုင် Amazing Ngapali ၊ ဦးချစ်ခိုင်ပိုင် Hilton Hotel ၊ ဦးဇော်ဇော်ပိုင် Hotel Max ၊ ဦးမြဟန် Fortune Group ပိုင် Hotel At the Rock ၊ မင်းဇာနည်အုပ်စုပိုင် Merciel Retreat Hotel၊ ဗိုလ်ချုပ်ကြီး မောင်အေး သမီး ဒေါ်နန္ဒာအေး Pristine Mermaid Ngapali၊ ဦးထွန်းနိုင်ရွှေ (ဦးသန်းရွှေသား) Thande Ngapali၊ Aureum Ngapali၊ ဦးတေဇပိုင် Htoo လုပ်ငန်းစုပိုင်ဟိုတယ်၊ ဦးနေဝင်းထွန်း- ပတ္တမြားနဂါး (Ruby Dragon) ပိုင် Jade Marina နှင့် ခလရ(၅၅)က သိမ်းထားသည့် မြေပေါ်တွင်တည်ဆောက်ထားသော Coconut Island ဟိုတယ်၊ ဒေါ်သန္တာနေဝင်း ပိုင်ဆိုင်ထားသည့် Ngapali Bay and Spa တို့ဖြစ်ကြသည်။

အဆိုပါ ဟိုတယ်များ ဒေသခံများထံမှ မြေသိမ်း၊ လျော်ကြေးမပေးဘဲ နှစ်(၆၀) ပါမစ်များဖြင့် လုပ်ကိုင်ထားတာဖြစ်သည့် အတွက် AA သာ သိမ်းနိုင်ရင် ခရိုနီတွေရင်ကွဲပြီဟု ဒေသခံများက ပြောဆိုသည်။

ဟိုတယ် မန်နေဂျာ တစ်ဦးက “တချို့ဟိုတယ်ကြီးတွေမှာဆိုရင် ဧည့်သည် အနည်းငယ်ကျန်တာတွေ ရှိနေခဲ့ပါတယ်။ အခု တိုက်ပွဲက အရမ်းနီးကပ်လာတော့ အဲဒီဧည့်သည်တွေဆိုရင် ရန်ကုန် ရောက်အောင်ထိ ပြန်ပို့ပေးတာတို့ လုပ်ပေးခဲ့ရတယ်ပေါ့နော်။ ရှေ့တစ်ပတ်လောက်က” ဟုပြောသည်။

လက်ရှိတွင် ကုန်လမ်း၊ လေကြောင်းလိုင်းများကိုပါ ပိတ်ထားသဖြင့် ဟိုတယ်များ ကတာဝန်ခံပြီး ဟိုတယ်ကကားများဖြင့် ထောက်ခံစာလုပ်ကာ ဧည့်သည်များကို ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

လက်ရှိ ငပလီဇုန်မှ ဟိုတယ်များတွင် လုံခြုံရေးဝန်ထမ်းတချို့သာစောင့်ကြပ်နေထိုင်မှုများရှိပြီး အခြားဟိုတယ်ဝန်ထမ်းများလည်းမရှိတော့ကြောင်း သူကဆက်ပြောသည်။

“အခုဆိုရင်ဟိုတယ်တွေမှာ လူတွေလည်းမရှိကြတော့ဘူး။ ဝန်ထမ်းတွေလည်း မရှိကြတော့ဘူး ပေါ့နော်။ ဝန်ထမ်းတွေဆိုလည်း လုံခြုံရေးတွေလောက်ပဲ နည်းနည်းပါးပါး လေးငါးယောက် အစောင့်ထားတဲ့ ပုံစံမျိုးပဲရှိတော့တယ်” ဟု သူကပြောသည်။

ယခုဇွန်လအတွင်း ငပလီကမ်းခြေဇုန်နှင့် ထိစပ်နေသည့် ဂေါ့ရပ်ကွက်အနီး တိုက်ပွဲများ ပြင်းထန်လာသဖြင့် အနည်းငယ်ကျန်ရှိနေသည့် ဟိုတယ်လုပ်ငန်းများ အားလုံးမှာလည်း ရပ်တန့်သွားပြီဟု ငပလီဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲပြင်းထန်ဖြစ်လာစဥ် အချို့ဟိုတယ်များအနေဖြင့် တန်ဖိုးကြီး ပရိဘောဂပစ္စည်းများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်းငပလီ ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဂေါ့တို​က်ပွဲအတွင်း ငပလီကမ်းခြေဇုန် ပင်လယ်ပြင်တစ်လျှောက်မှ စစ်ကောင်စီရေတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဟိုတယ်အဆောက်အဦများ ထိခိုက်ပျက်စီးမှုလည်း ရှိလာနေကြောင်းသိရသည်။

ဇွန်လ ၂ ရက်မှစတင်ကာ ငပလီမြောက်ဘက် ဂေါ့တောင်အနီးတစ်ဝိုက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုများ၊ ရေတပ်ပစ်ကူများနှင့် မြေပြင် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ခဲ့သည်။

ဇွန်လ ၆ ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တည်းလေ့ရှိသည့် ငပလီ ကမ်းခြေဇုန်မှ Jasmine Ngapali Resort နှင့် အမရာဟိုတယ်တို့ လက်နက်ကြီးကျကာ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း ဂေါ့တောင်အနီး AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး သံတွေလေဆိပ်တွင် စစ်ကောင်စီကဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲ၍ လက်နက်ကြီး တပ်စွဲခုခံနေသော်လည်း သံတွဲလေဆိပ်ကို မကြာမီ အာရက္ခတပ်တော်ကသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုထားကြသည်။

စစ်ကောင်စီအကျိုးပြု ငပလီဟိုတယ်များ

ရခိုင်တောင်ပိုင်းက ငပလီကမ်းခြေမှာ နာမည်ကြီးဟိုတယ်တွေဖြစ်တ့ Amazing Ngapali/ Hilton Hotel / Merciel Retreat Hotel နဲ့ Hotel At the Rock တို့ဟာ စစ်တပ်ကို တစ်နှစ်မှာ ဒေါ်လာ အနည်းဆုံး ၂ သိန်း ၈ သောင်းလောက် ရှာပေးနေတဲ့ ဟိုတယ်တွေဖြစ်ပါတယ်။

တပ်ချုပ်မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ Amazing Hotel

(မြေ ၅ ဧကကျော် တစ်ကွက်ကို တစ်လ 6000 x 12= 72000 မြေ ၆ ကွက် 72000 x 6 = 432000)

အဆောက်အအုံတွေပြီးလို့ လည်ပတ်တဲ့အခါ ထပ်ပြီးတော့ ဈေးနှုန်းသတ်မှတ်တာရှိပါသေးတယ်။ ဒီငွေတွေက စစ်တပ်ဆီရောက်သလား၊ အကြိးအကဲဆီကို ဖိတ်စင်သွားသလား မသိရပါ။

ဘာလို့ ဒီဟိုတယ် တွေက စစ်တပ်ဝင်ငွေပေါက်ဖြစ်သလဲ။ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်ကို ပြန်သွားရအောင်ပါ။ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ ၂၀၀၀ ခုနှစ်မှာ ဇီးဖြူကုန်းကနေ ငပလီလေဆိပ်ကြားမှာရှိတဲ့ ပင်လယ် ဘက်ခြမ်းက မြေတွေကို စစ်တပ်က မြေ ၃၅.၅၃ ဧက သိမ်းပါတယ်။ ပိုင်ရှင်တွေ လျော်ကြေး တစ်ပြားမှ မရပါ။

မြေငှားရမ်းမှုသမိုင်း

၂၀၀၁ ခုနှစ်မှာတော့ ဟိုတယ်လုပ်ငန်းတွေအတွက်ဆိုပြီးတော့ ဟိုတယ် ခြောက်ခုစာ အတွက် မြေငှားရမ်းပေးပါတယ်။ တစ်ကွက်ကို မြေ ၅ ဧက ကျော်စီ ခွဲပြီးတော့ ငှားပါတယ်။ အဲဒီကာ လတုန်းက ခင်ညွန့်တို့ ထောက်လှမ်းရေးအုပ်စုကလည်း အားကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ဧဒင် ဦးချစ်ခိုင်ရဲ့ Hilton Hotel

Amazing Ngapali ဦးအောင်မျိုးမင်းဒင်၊ Hilton Hotel ဦးချစ်ခိုင်၊ Hotel Max ဦးဇော်ဇော်နဲ့ Hotel At the Rock ကိုတော့ Fortune Group က ဦးမြဟန်၊ Merciel Retreat Hotel ကတော့ မင်းဇာနည်အုပ်စုလို့ သိရပါတယ်။ အဲဒီကာလတုန်းက ဦးဇော်ဇော်ယူတဲ့ မြေကွက်က ၁၀ ဧက ကျော်ပါတယ်။ ဒါကြောင့် ပိုင်ရှင်က ၄ ဦးသာ မြင်ရပြီး မြေကွက်ကတော့ ၆ ခု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်က ရခိုင်အမျိုးသားပါတီ ဦးဘရှိန်က ငပလီ သိမ်းဆည်းမြေယာ တွေနဲ့ပတ်သတ်ပြီးတော့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့တာရှိပါတယ်။ တပ်မတော်က စာနဲ့ အကြောင်းပြန်ဖြေခဲ့ရာမှာ အဲဒီမြေတွေကို ကကထောက်က ပိုင်ဆိုင်တာဖြစ်ပြီးတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဟိုတယ်ခြောက်ခုကို ငှားရမ်းထားတယ်လို့ဖြေခဲ့ပါတယ်။

Fortune Group ပိုင်တဲ့ Merciel Retreat

မြေတစ်ဧက ငှားရမ်းငွေ သိန်း ၁၀၀ နဲ့ချပေးခဲ့တာလို့ဆိုပါတယ်။ ဒါကြောင့် စစ်တပ်ဟာ တစ်နှစ်ကို မြန်မာငွေ အနည်းဆုံး သိန်း ၃၅၀၀ ရပါတယ်။ ၂၀၁၄-၁၅ တုန်းက တစ်လကို ဒေါ်လာ ၆ ထောင် နှုန်းပေးသွင်းရတယ်လု့ိသိရပြီး ဒီနေ့ ၂၀၂၀ မှာ ဘယ်လောက်ပေးသွင်းရတယ်ဆိုတာ အသေးစိပ် မသိရပါ။

ဦးဇော်ဇော်က ၂၀၁၂-၁၃ ခုနှစ်နောက်ပိုင်းမှာ ဘဏ်လုပ်ငန်း ( ယခု AYA Bank) နဲ့အခြားလုပ်ငန်း တွေကို ပိုအာရုံစိုက်ချင် တဲ့အတွက် အရှုပ်အရှင်းများတဲ့ Ngapali က Hotel Max လုပ်ငန်းကို ပြန်ရောင်းချပါတယ်။ ဝယ်ယူသူကတော့ ဦးအောင်မျိုးမင်းဒင်ဖြစ်ပါတယ်။ အရင် ဆောင်းပါးတွေမှာ ထည့်ဖော်ပြခဲ့သလိုပဲ သူဟာ မင်းအောင်လှိုင်ရဲ့ ဝင်ငွေပေါက်တစ်ခုဆိုလည်း မမှားပါ။

ဦးဇော်ဇော်က သူ့ကို ဒေါ်လာ ၅ သန်းနဲ့ အဲဒီ project ကိုပြန်လည်ရောင်းချခဲ့တာလို့လည်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း ကနေ စုံစမ်းသိရှိရပါတယ်။ ဒီနေရာမှာ မြေကိစ္စကို ရှုပ်ထွေးမှု မရှိအောင် အနည်းငယ်ထပ်ရှင်းပြလိုပါတယ်။ မြေတွေကို ဒီလိုအရောင်းအဝယ်လုပ်တယ်ဆိုပေမဲ့ ပိုင်ဆိုင်မှုအပြီးတိုင်ရရှိတဲ့ သဘောမဟုတ်ပါ။

စစ်တပ်ကနေ နှစ်ရှည်လုပ်ငန်းချပေးထားတဲ့ လုပ်ကိုင်ခွင့်ကို ဝယ်ရတာဖြစ်ပါတယ်။ ဥပမာ နှစ်ပေါင်း ၆၀- ၈၀ အတွက် ငှားရမ်းတဲ့ စာချုပ်လိုမျိုးဖြစ်ပါတယ်။ ဒေါ်လာ ၅ သန်းဟာ ဦးဇော်ဇော် ဆောက်လုပ်ခဲ့တဲ့အဆောက်အအုံတန်ကြေးတွေအတွက် ပြန်ရောင်းတဲ့သဘောဖြစ်ပါ တယ်။

-Amazing Ngapali

-Ananda Hotel (Old Max hotel project)

-Merciel Retreat Hotel

-Blue Oceanic Bay (Hotel At The Rock)

-Hilton Hotel

– Hotel Paradise

တပ်ချုပ် မင်းအောင်လှိုင်နဲ့နီးစပ်သူ ခရိုနီ ဦးအောင်မျိုးမင်းဒင်က ဒီလုပ်ငန်းကို ဝယ်ယူပြီးတော့ လုပ်ငန်းချဲ့ထွင်နိုင်ဖို့စိုင်းပြင်းနေပါတယ်။ ၁၀ ဧက ကျော်ပါတယ်။ ဟိုတယ်ကို Ananda လို့အမည်သစ်ပေးတယ်လို့သိရပါတယ်။ ငပလီဒေသခံတွေ ကြားမှာလည်း Ananda လို့ သာ လူသိများပါတယ်။

နောက်ထပ် အတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုကတော့ ဦးအောင်မျိုးမင်းဒင်ဟာ အာဏာသိမ်းစစ် ခေါင်းဆောင်ရဲ့သား ဦးအောင်ပြည့်စုံအတွက် Ananda ဟိုတယ်ကို ရှေ့ပြေးကူညီဆောင်ရွက်ပေးနေ ကြောင်းလည်း အသံထွက်တာရှိပါတယ်။ ဦးအောင်မျိုးမင်းဒင်ရဲ့ Amazing Ngapali ဆိုရင် တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့ဇနီး သံတွဲသူ ဒေါ်ကြူကြူလှအမြဲလိုလို တည်းခိုတတ်တဲ့နေရာဖြစ်ပါတယ်။

တပ်ချုပ်မင်းအောင်လှိုင် မိသားစု ဓာတ်ပုံ

ဦးအောင်မျိုးမင်းဒင်က ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဖြစ်သလို၊ ငပလီ ဟိုတယ်ဇုန်ရဲ့ဥက္ကဌ လည်းဖြစ်ပါတယ်။ သူ့လုပ်ငန်းတွေက အင်းလေး၊ ပုဂံ၊ ချောင်းသာ၊ ငပလီတွေမှာ ဟိုတယ် ၁၂ ခုနဲ့ အပန်းဖြေစခန်းတွေရှိပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်အထိ သူ့ရဲ့လုပ်ငန်းတွေသာဖြစ်ပြီး နောက်ပိုင်းတိုး ချဲ့တာ ဘယ်ရှိလဲ မသိရပါ။

ဟိုတယ်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ အောင်မျိုးမင်းဒင်

ငပလီ ဂေါက်ကွင်းလုပ်ငန်းလည်း ဦးအောင်မျိုးမင်းဒင်ပဲ ယူခဲ့တာပါ။ ဒီငွေကြေးအရှုပ်ထုပ်ကိုတော့ နောက်ပိုင်းမှာ အသေးစိပ်ထပ်ရေးပါမယ်။

လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်နဲ့ ဥရောပသမဂက ပိတ်ဆို့အရေးယူမှုတွေလုပ်ထားပါတယ်။ ဒါပေမဲ့ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ဝင်ငွေ ကြောဖြစ်တဲ့ ဦးအောင်မျိုးမင်းဒင်ကတော့ ဒီဒဏ်တွေကနေ လွတ်မြောက်ပါတယ်။

သူ့သားသမီးတွေ ဖြစ်တဲ့ အေးသီတာမင်းဒင်နဲ့ ဥက္ကာမင်းဒင်တို့ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က စီးပွားရေးဆိုင်ရာဘွဲ့နဲ့ကျောင်းပြီးထားကြသူတွေပါ။

အေးသီတာမင်းဒင်က Chapman University ကျောင်းဆင်းဖြစ်ပြီး၊ ဥက္ကာမင်းဒင်ကတော့ Loyola Marymount University ကျောင်းဆင်းပါ။ သားဖြစ်သူက မင်းဒင်ကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ်ဆောင်ရွက် ပြီး၊ သမီးဖြစ်သူက Amazing Hotel ရဲ့ CEO အဖြစ် ဆောင်ရွက်ပါတယ်။ ရိုးရွိုက်စ်၊ မာစီးဒီးနဲ့ ပြိုင် ကားတွေ ထည်လဲစီးနိုင်တဲ့သူတွေဖြစ်ပါတယ်။

ဥက္ကာမင်းဒင်

စစ်တပ်နဲ့ဆက်စပ်တဲ့ ဇီးဖြူကုန်းဟိုတယ်တွေ

ငပလီက ဟိုတယ်တွေဟာ ခရီးသွားတွေကို လှည့်ဖျားဖို့အတွက် အမည်ပျက်စာရင်းမှာပါတဲ့ နာမည်တွေကိုပြောင်းလေ့ရှိပါတယ်။ Hotel At The Rock ကို ခုနောက်ပိုင်းမှာ Blue Oceanic Bay လို့ အမည် ပြောင်းထားပါတယ်။ Merciel Retreat ဘေးနားက Hotel Paradise ကတော့ NLD အစိုးရ လက်ထက်မှာ ပေါ်လာတာဖြစ်ပါတယ်။

ဒီဟိုတယ်ဟာလည်း မဇင်ချောင်းကိုပိတ်ဆို့ပြီး မြေခိုးဆောက်တာကြောင့် လူထုကြားဝေဖန်မှုမြင့်ခဲ့ ပေမယ့် NLD ခရီးသွားဝန်ကြီး ဦးအုန်းမောင်က မျက်စိမှိတ်ပေးခဲ့တဲ့ လုပ်ငန်းဆိုလည်း မမှားပါ။ ဒီဟိုတယ်ကိုတော့ လေကြောင်းဦးစီးဌာနနဲ့ Mercedes-Benz Myanmar သူဌေးနဲ့ပူးပေါင်းလုပ်ကိုင်တာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပါ လေကြောင်းဆိုတာလည်း မိုးကျရွှေကိုယ်တွေကြီးစိုးတဲ့နေရာပါ။ Blue Oceanic Bay ကလည်း Consulting Group of Australian နဲ့ပူးပေါင်းပြီး လည်ပတ်တာဖြစ် ပါတယ်။ Merciel Hotel မင်းဇာနည်အုပ်စုက လှိုင်သာယာမှာ ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်း လည်းရှိပါတယ်။

Hotel At The Rock or Blue Oceanic Bay

အခု ငပလီမှာ မြေတစ်ဧက ပေါက်ဈေးက ၂.၇ ဘီလီယံကနေ ၃ ဘီလီယံ ထိရှိပါတယ်။ ဒါပေမဲ့ အစိုးရက မြေရောင်းဈေးကို သတ်မှတ်တာကတော့ တစ်ဧကကို သိန်း ၁၅၀၀ ကနေ ၆ ထောင်ပဲ သတ်မှတ်တာပါ။ ဒါကြောင့် မြေအရောင်းအဝယ်ဈေးတွေဖြစ်ရင်တောင် လက်တွေ့ရောင်းဈေးတမျိုး၊ အခွန် ဈေးက တစ်မျိုးဖြစ်နေလေ့ရှိပါတယ်။

ငပလီက ဒေသခံတွေက မြေယာသိမ်းဆည်းခံရပြီး ဟိုတယ်အလုပ်သမားတွေဖြစ်ကုန်ပြီး၊ စစ်တပ် အလွမ်းသင့် ခရိုနီတွေကတော့ ချမ်းသာသထက် ချမ်းသာလာကြပါတယ်။ တချိန်က ဂျမေကာနိုင်ငံမှာ ကြံစိုက်ခင်းစိုက်ဖို့ မြေသိမ်းခဲ့တဲ့ ကိုလိုနီ အင်္ဂလိပ်တွေအလားပါ။ ဒေသခံ လူမဲတွေက ကြံစိုက်ကျွန်တွေဖြစ်သွားပြီး ကိုလိုနီတွေချမ်းသာသွားတဲ့အဖြစ်ပါ။

လင်းသာနဲ့ဂျိတ်တောက ဟိုတယ်တချို့

ငပလီ ဟိုတယ်ဇုန်တွေကို ခွဲခြားကြည့်မယ်ဆိုရင် ဇီးဖြူကုန်း၊ လင်းသာ၊ ဂျိတ်တော စသဖြင့်တွေ့နိုင်ပါတယ်။ အခု အပေါ်မှာ ရှင်းလင်းခဲ့တာတွေက ဇီးဖြူကုန်း ကိစ္စတစ်ခုသာဖြစ်ပါတယ်။ လင်းသာနဲ့ ဂျိတ်တော မပါသေးပါ။

အခုပြောမယ့် ဟိုတယ်တွေကတော့ လင်းသာနဲ့ဂျိတ်တောဘက်အပိုင်းက ဟိုတယ်တွေပါ။ Pristine Mermaid Ngapali ကတော့ အာဏာရှင်ဟောင်း မောင်အေးရဲ့သမီး ဒေါ်နန္ဒအေး ပိုင်တဲ့ဟိုတယ်ဖြစ်ပါတယ်။

Pristine Mermaid Hotel

နောက်တစ်ခုက Thande Ngapali Hotel ဖြစ်ပါတယ်။ ဒါကတော့ အထူးတလည်ကိုပြောစရာမလိုပါ။ အာဏာရှင် ဦးသန်းရွှေရဲ့သား ထွန်းနိုင်ရွှေပိုင်တဲ့ ဟိုတယ်ဖြစ်ပါတယ်။

နာမည်ဆိုးနဲ့လူသိများတဲ့ ခရိုနီတေဇ (Htoo လုပ်ငန်းစု) ရဲ့ ဟိုတယ်က Aureum Ngapali ပါ။ နောက်တစ်ခုကတော့ Jade Marina Hotel ဖြစ်ပါတယ်။ ဒီတစ်ယောက်ကတော့ နေဝင်းထွန်း ပတ္တမြားနဂါး (Ruby Dragon) လို့ သိကြတဲ့အုပ်စုက ပိုင်ပါတယ်။

Jade Marina Hotel

ဒီအုပ်စုကတော့ ကျောက်လုပ်ငန်းမှာနာမည်ကြီးပါတယ်။ သမီးဖြစ်သူ မြင့်မြတ်သူက ဒီဟိုတယ်ကို လည်ပတ်တာဖြစ်သလို နိုင်ငံခြားဝိုင်တွေလည်း တင်သွင်းပါတယ်။

Ruby Dragon အုပ်စု

ဒီနေရာတွေက ရွှေဝါဂျိုင်လို့ လူသိများတဲ့ ၈၀ ဝန်းကျင် တုန်းက တက္ကသိုလ်ကျောင်းသားတွေရဲ့ အဆောက်အအုံ တွေရှိခဲ့တဲ့ နေရာပါ။ ဒါကိုလည်း စစ်တပ်ကသိမ်းယူခဲ့တာပါ။ အဲဒီရဲ့ ငှားရမ်းခ စရိတ်တွေလည်းပဲ စစ်တပ်ဆီကို ပဲသွားပါတယ်။ နှစ်ရှည်လုပ်ကိုင်ခွင့်လား အပြီးသတ်ရောင်း ချတာလား အတိအကျမသိရပါ။

နောက်ဟိုတယ် တစ်ခုကတော့ တပ်ရင်း ၅၅ သိမ်းထားတဲ့ မြေပေါ်မှာရှိတဲ့ Coconut Island Hotel လည်းပဲ စစ်တပ် ဆီက မြေငှားရမ်းလုပ်ကိုင်ရတာဖြစ်ပါတယ်။ Ngapali Bay and Spa ကတော့ ဒေါ်သန္တာနေဝင်း လုပ်ကိုင်ပါတယ်။

Ngapali Bay Hotel

-Pristine Mermaid Ngapali

-Aureum Ngapali

-Jade Marina

-Thande Beach Ngaplai

-Coconut Island

-Ngapali Bay and Spa

ဒါဖြင့် ငပလီမှာ စစ်တပ်နဲ့လွတ်ကင်းတဲ့ ဟိုတယ်တွေမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဥပမာ Bay View/ Amata/ Sandoway/ Lin Thar Oo/ Art of Sand နဲ့ Sliver Beach တို့က လွတ်ကင်းတယ်လို့ ယူဆနိုင်ပါတယ်။ နောက် ကွယ်မှာ ပတ်သတ်မှု ကြီးမားမှုရှိ-မရှိတော့ MoreMrontVlog က ထပ်စုံစမ်းနေဆဲပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *