အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်ကောင်စီတပ်သားများ ခွင့်မဲ့ပျက်ကွက်ပါကတောခိုသည်ဟုဆိုကာ ငွေတောင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်း၌ စစ်ကောင်စီတပ်သားများ ခွင့်မဲ့ထွက်ခွာပါကတောခိုသည်ဟုအကြောင်းပြကာ မိသားစုဝင်များကိုဖမ်းဆီးပြီး ငွေတောင်းခံမှုများရှိနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် ပြီးခဲ့သည့်ဇွန်လပထမအပတ်ကစပြီး တပ်အပြင်ပသို့အကြောင်းကိစ္စမရှိဘဲမထွက်ခွာရန်နှင့် ထွက်ခွာသူများအနေဖြင့် ခွင့်မဲ့ပျက်ကွက်ဟုသတ်မှတ်ပြီး ငွေကျပ်သိန်း(၂၀)ထက်မနည်း တောင်းယူနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“နတခအတွင်းနဲ့လက်အောက်ခံတပ်ရင်းတွေကတပ်သားကနေအရာရှိပိုင်းအထိ အခုဇွန်လကစပြီးတော့ ဘာအကြောင်းမှမရှိပဲ တပ်အပြင်လုံးဝထွက်ခွင့်မပေးတော့ဘူး။ တကယ်လို့တပ်အပြင်ထွက်တာသိတာနဲ့ ခွင့်မဲ့သတ်မှတ်မယ်။နောက်ပြီးတောခိုတယ်ဆိုပြီးတော့ တပ်ထဲကမိသားစုဝင်တွေကိုဖမ်းမယ်။ ဒဏ်ငွေသိန်း (၂၀)လည်းပေးရမယ်ဆိုပြီးပြောထားတယ်”ဟု အနောက်တောင်တိုင်း တပ်စစ်ဌာနချုပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ(၃)ရက်နေ့က တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အာဏာသိမ်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ထားသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် တပ်အပြင်သို့ခွင့် ယူထွက်ခွာသူသူတပ်သားအဆင့်မှဒုဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းကို တပ်ရေးအရာရှိဗိုလ်ကြီးဟိန်းထက်မှ ခွင့်မဲ့ပျက်ကွက်သူများဟုသတ်မှတ်၍ မိသားစုဝင်များကိုဖမ်းဆီးကာ ငွေကျပ်သိန်း(၂၀)တောင်းယူ၍တပ်လိုင်းခန်းအတွင်းမှအတင်းအကျပ်ဖယ်ရှားမှုများပြုလုပ်နေကြောင်းလိုင်းခန်းဖယ်ရှားခံရသည့်တပ်တွင်းမိသားစုဝင်များက ပြောဆိုသည်။

“အိမ်မှာအဘွားနာရေးဖြစ်လို့ခဏခွင့်ယူပြီးပြန်သွားတာ။ခွင့်လေးရက်ပဲယူထားတာ။ ခွင့်ရက်တောင်မပြည့်သေးဘူး။ တပ်ပြေးလုပ်တယ်။ ခွင့်မဲ့ပျက်ကွက်တယ်ဆိုပြီးတော့တအိမ်လုံးကိုတပ်အချုပ်လုပ်ခံရတယ်။အမှန်တကယ်ကအကြောင်းမဲ့အရေးယူခံရတာ။ ပြန်လွှတ်ချင်ရင်သိန်း ၂၀ ပေးဆိုလို့အိမ်မှာရှိတဲ့လက်ဝတ်လက်စားတွေအကုန်ရောင်းပြီးပေးလိုက်တာ။ ပိုက်ဆံလည်းရတော့ တပ်ကနေနှစ်ရက်အတွင်းထွက်ရမယ်ဆိုပြီးမောင်းထုတ်ခံရကော။ ကျွန်မလိုပဲ တပ်ထဲမှာ အပြင်ကိုမောင်းထုတ်ခံရတဲ့တပ်မိသားစုတွေ အယောက် ၂၀ ကျော်လောက်ရှိနေပြီ”ဟု တပ်လိုင်းခန်းမှ ဖယ်ရှားခံရသည့် တပ်မိသားစုဝင်တစ်ဦးကဆိုသည်။

ထို့အပြင် ပုသိမ်အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းနှင့် လက်အောက်ခံတပ်ရင်းများရှိ တပ်တွင်းမိသားစုဝင်များထဲ၌ စစ်မှုထမ်းအရွယ်ရောက်သူများရှိပါက စစ်မှုထမ်းရန်အတွက် ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်ကစပြီး ခေါ်ယူနေကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *