ဇီးကုန်းမြို့နယ်၊ ပဲခူးရိုးမတွင် PDF တပ်စခန်းများကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ၁ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ပဲခူးရိုးမတွင် PDF တပ်စခန်းများကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဇီးကုန်းမြို့နယ် အရှေ့ဘက်တောတွင်း တစ်နေရာတွင် ပျူစောထီး အဖွဲ့ဝင် ၁ ဦးသည် ရိုးမ အတွင်းရှိ PDF စခန်းများကို လိုက်ရှာနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးသည် ဘော်ဘင်ရွာမှ ပျူစောထီး အဖွဲ့ဝင် မှေးကြီးဆိုသူဖြစ်ပြီး ရိုးမအတွင်းရှိ PDF စခန်းများကို လိုက်ရှာဖွေပြီး စခန်းကို တွေ့ရှိလျှင် ဆုကြေးငွေ သိန်း ၅၀ ထောက်ပံ့ငွေ ရရှိမည် ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ထို့ပြင် ပျူစောထီး မှေးကြီး တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်း တည်နေရာကိုလည်း ပျူစောထီး အဖွဲ့ဝင်များထံ သတင်းပေးပို့ထားခြင်းကြောင့် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သူက ကျွန်တော်တို့ PDF စခန်း နောက်ကို ရောက်နေတာကို ကင်းတာဝန်ကျ ရဲဘော်တွေ မြင်လို့ ဖမ်းမိတာ သူ့ကိုစစ်ဆေးတော့ ဘော်ဘင်ပျူစောထီးအဖွဲ့က မှေးကြီးလို့ပြောတယ်။ ပျူစောထီးအဖွဲ့က PDF စခန်းနေရာ ပြပေးရင် သိန်း ၅၀ ရမယ်ဆိုလို့ စခန်းနေရာ လာထောက်လှမ်းတာလို့ ထွက်ဆိုပါတယ်။ ပျူစောထီးအဖွဲ့ဆီလည်း သတင်းက ပို့ထားပါတယ် ပြောလို့ ဆက်ထားရင် အန္တရာယ်များလို့ ပစ်ခတ် တိုက်ခိုက်တာ သေဆုံးသွားတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများသည် ဆိုင်ကယ်များကို ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ပိုက်ဆံမပေးနိုင်ပါက တပ်သားသစ် အတင်းအကြပ်ခေါ်ယူခြင်းများ ပြုလုပ်နေကြောင်း၊ ယင်း တိုက်ခိုက်မှုကို ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ(၂ ) BTZM GBK PDF (ပဲခူးရိုးမ) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top