ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးကြီး မီးလောင်၊ ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးနိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chatuchak ဈေးကြီး ယနေ့(ဇွန်၁၁ရက်)နံနက်အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘတ်သန်းပေါင်းများစွာရှိမည်ဟု ခန့်မှန်းထားကြသည်။

ယနေ့နံနက် ၄ နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဈေး၏ အိမ်မွေးတိရစ္ဆာန်စျေးရုံရှိ ဆိုင်ခန်းပေါင်း ၁၁၈ ဆိုင် မီးလောင်ခဲ့ကျွမ်းခဲ့ရာ အလှမွေးငါးနှင့် အိမ်မွေးတိရစ္ဆာန် ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း The Nation Thailand သတင်း၌ ဖော်ပြထားသည်။

“ကတ္တဝါငှက်တွေက တစ်ကောင်ကို ဘတ် ၃၀,၀၀၀ လောက်ရှိတယ်။ ဈေးအကြီးဆုံးငှက်ပဲ။ အားလုံး မီးလောက်တဲ့ထဲ ပါသွားတယ်” ဟု စျေးရုံစောင့် ဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် မီးသတ်ယာဉ် ၁၀ စီးနှင့် မီးသတ်သမားများက မီးငြှိမ်းသတ်ရန် တစ်နာရီခန့် အချိန်ယူခဲ့ရကာ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

JJ စျေး ဟုလည်းလူသိများသော Chatuchak ဈေးသည် ဆိုင်ပေါင်း ၁၅၀၀၀ ကျော်နှင့် ရောင်းချသူ ၁၁၅၀၅ ဦး ရှိပြီး စျေးရုံပေါင်း ၂၇ ပိုင်းခွဲထားသည့် ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးကြီး ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top