စစ်တပ်က သံတွဲကို လက်မလွှတ်လို၊ ရွာကို ဗုံးကြဲမှုတွင် ၆၄ ဦး ထက်မနည်း သေဆုံး

ငပလီမှ ပိုင်ဆိုင်မှုများမဆုံးရှုံးစေရန် စစ်ဗိုလ်ချုပ်များက သံတွဲမြို့တွင် အသည်းအသန် ခုခံစစ်ဆင်နေပြီး တံငါရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားအများအပြား သေဆုံးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ဇွန်လ ၄ ရက်နေ့က စပြီး စစ်ကောင်စီလေတပ်က သံတွဲမြို့နယ်ထဲမှ အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ဆင်ခေါင်းဟု အမည်ရသည့် တံငါရွာကြီးကို နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ထိုတိုက်ခိုက်မှုက စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ပထမဆုံးသောဖြစ်ရပ် ဖြစ်လာသည်။

ရခိုင်မြောက်ပိုင်းတွင် တောက်လောင်နေသည့်စစ်မီးသည် တောင်ပိုင်းဆီသို့ ကူးစက်လာပြီဖြစ်သည်။

တချိန်တည်းတွင် စစ်ကောင်စီတပ်သည် ရခိုင်တောင်ပိုင်းတွင်ရှိသည့် စစ်ဗိုလ်ချုပ်များ၊ စစ်တပ်ကျောထောက်နောက်ခံဖြင့် ကြီးထွားလာသည့် ခရိုနီများ၏ အကျိုးစီးပွားများ မဆုံးရှုံးစေရန် အပြင်းအထန် ခုခံကာကွယ်နေသည်။

စစ်တပ်က ဗုံးကြဲခဲ့သည့် ဆင်ခေါင်းရွာသည် စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများပိုင်ဆိုင်သည့် ငပလီကမ်းခြေနှင့် ၁၃ မိုင် (၂၀ ကီလိုမီတာ) ခန့်သာ ကွာဝေးသည်။ အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် ငပလီသည် မြန်မာပြည်၏အလှပဆုံးသော ကမ်းခြေအပန်းခြေတစ်ခုဖြစ်သည်။

ထိုကမ်းခြေတွင် နေထိုင်ခဲ့ကြသည့် ဒေသခံများ၊ မြေပိုင်ရှင်များကို စစ်တပ်က ခြိမ်းခြောက်မောင်းထုတ်ကာ မြေကွက်များကို စစ်တပ်ပိုင်အဖြစ် စစ်အစိုးရအဆက်ဆက်က သိမ်းဆည်းခဲ့သည်။ ၂၀၁၃ တွင် RFA သတင်းဌာနကရေးသားခဲ့သည့် သတင်းတစ်ပုဒ်၏အဆိုအရ မြေသိမ်းခံရသူများထဲတွင် NLD ပါတီနာယက ဦးတင်ဦး၊ ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီးတို့လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ဗိုလ်ချုပ်များ၊ ခရိုနီများက ဇိမ်ခံဟိုတယ်အများအပြား တည်ဆောက်ခဲ့ကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ကျဆင်းလာသည့် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုကို ပြန်လည်မြှင့်တင်ရန်အတွက် စစ်ကောင်စီက ငပလီကမ်းခြေနှင့် အဆိုပါ ဟိုတယ်များကို အသုံးပြုနေသည်။ စစ်ကောင်စီက “Welcome Russia” အမည်ဖြင့် ရုရှားခရီးသွားများ ငပလီကို ဖိတ်ခေါ်ရေးစီမံချက်တစ်ခု ရေးဆွဲထားသည်။

ငပလီကမ်းခြေတွင် ရုရှားတို့အတွက် အပန်းဖြေအိမ်ရာတစ်ခုတည်ဆောက်ရန် ခွင့်ပြုပေးထားပြီး ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရန် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းတစ်ခုတို့အကြား ပြီးခဲ့သည့်နှစ်အတွင်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆင်ခေါင်းရွာကို စစ်တပ်က ဗုံးမကြဲမီ ရက်ပိုင်းအလိုတွင် ထိုရွာနှင့် ခြောက်ပိုင်ခန့်ဝေးသည့် ဂေါ့ရွာအနီး စစ်တပ်နှင့် AA တို့ တိုက်ပွဲများပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်သည့် နေရာသည် ဆင်ခေါင်းနှင့် စစ်ဗိုလ်ချုပ်များ၏ အကျိုးစီးပွားများရှိရာ ငပလီကြားတွင် တည်ရှိသည်။

ဆင်ခေါင်းရွာခံတို့ကမူ ပစ်ခတ်သံများ ကြားနေရသော်လည်း တိုက်ပွဲဖြစ်သည့် နေရာသည် ၎င်းတို့ရွာနှင့် ဝေးကွာသလို ကြားတွင် သံတွဲမြစ်ခံနေသဖြင့် အန္တရာယ်မဖြစ်နိုင်ဟု ယူဆပြီး မည်သူမျှ ရွာကို မစွန့်ခွာခဲ့ကြကြောင်း ပြောသည်။

သို့သော်လည်း ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် စစ်တပ်က ဆင်ခေါင်းရွာကို ဗုံးကြဲရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

အနီးရှိကျေးရွာတစ်ရွာမှ အမျိုးသားတစ်ဦးက ဗုံးကြဲသည့် ပထမနေ့ နံနက်ပိုင်းတွင် နွားများကို ယူရန် ထိုရွာသို့ ရောက်သွားစဉ် လေယာဉ်သံများ ကြားလိုက်ရပြီး ခဏအကြာတွင် ပေါက်ကွဲသံကြီးများ ဆက်တိုက် ပေါ်ပေါက်လာသည်။

ရွာခံအများအပြား ခြေဦးတည်ံ့ရာ ထွက်ပြေးသည်ကို မြင်မှ ဗုံးကြဲနေမှန်း သိရှိရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆိုသည်။

ဒေသခံတချို့က ရွာနှင့် ဝေးရာသို့ ရှောင်ပြေးကြသည်၊ စလီကုန်းရပ်ကွက်မှ ဒေသခံအများအပြားက ရွာထဲမှာပင် လုံခြုံရာ ရှာဖွေကြသည်ဟု ပြောသည်။

ကနဦး တိုက်ခိုက်ခံရအပြီးတွင် စစ်တပ်လေယာဉ်များ နောက်တစ်ကြိမ်မလာတော့ဟု ယူဆကာ ရွာကို မစွန့်ခွာဘဲ ဆက်နေခဲ့ကြသော်လည်း လေတပ်က ထိုနေ့တွင် ရွာကို ၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ညနေ ၄ နာရီ နှင့် ၅ နာရီခန့်တို့တွင် စစ်တပ်လေယာဉ်များ ထပ်ရောက်လာပြီး ဗုံးကြဲခဲ့ကြသည်ဟု ၎င်းက ပြောသည်။

နောက်တစ်နေ့ နံနက်ပိုင်းတွင် ရွာသားအများအပြား နေအိမ်သို့ ပြန်လာကြချိန်တွင် စစ်လေယာဉ်တစ်စင်း ထပ်မံရောက်လာပြီး ဗုံးကြဲချသဖြင့် လူသေဆုံးသူ များပြားခဲ့သည်။

နှစ်ရက်ကြာတိုက်ခိုက်မှုအပြီး ရုပ်အလောင်း ၆၄ ခုကို သင်္ဂြိုဟ်ခဲ့ရသည်၊ အသေအပျောက် တိုးလာနိုင်သည်ဟုလည်း အထက်ပါ အမျိုးသားက ဆိုသည်။

“အိမ်တွေပျက်နေတဲ့ကြားထဲမှာ အလောင်းတွေရှိသေးတယ်လို့လည်း ပြောတာပဲ။ အဲဒါကြောင့် ၅၀ နဲ့ ၁၀၀ ကြားမှာ သေဆုံးတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

AA ကမူ ဆင်ခေါင်းရွာတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၄ ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရခဲ့သည်ဟု ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုစာရင်းမှာ ပထမနေ့တွင် သေဆုံးသူများ၏စာရင်းဖြစ်သည်၊ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ ၆၀ အထိရှိသည်ဟုလည်း AA ထုတ်ပြန်ချက်က ဆိုသည်။

ဆင်ခေါင်းရွာတွင် အရပ်သားများသေဆုံးကြောင်း စစ်တပ်ဘက်က ဝန်ခံခဲ့သော်လည်း ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆန်ထားသည်။ ဆင်ခေါင်းရွာကို AA က ပစ်ခတ်ခဲ့သည်ဟု စစ်တပ်က ဇွန်လ ၇ ရက်နေ့တွင် ၎င်းတို့၏အင်တာနက်စာမျက်နှာမှတစ်ဆင့် တန်ပြန်ချေပသည်။

စစ်တပ်သည် နိုင်ငံအနှံ့မှ အရပ်သားများ သေဆုံးသည့် စစ်ဆင်ရေးများကို ပြုလုပ်ပြီးတိုင်း ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း အလားတူငြင်းဆိုလေ့ရှိသည်။

၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အင်းဒင်ရွာသတ်ဖြတ်မှု အပါအဝင် ရိုဟင်ဂျာများအပေါ် နှိပ်စက်သတ်ဖြတ်မှုများ၊ ၂၀၂၁ အာဏာသိမ်းပြီးနောက် အရပ်သားအများအပြား အသတ်ခံရမှုများကိုလည်း စစ်တပ်က ၎င်းတို့လက်ချက် မဟုတ်ဟု ပြောင်ပြောင်တင်းတင်း ငြင်းဆန်ဖူးသည်။

တောင်ပိုင်းသို့ ကူးစက်လာသည့် ရခိုင်စစ်ပွဲများ

သံတွဲမြို့နယ်သို့ တိုက်ပွဲများ မြန်မြန်ဆန်ဆန် ရောက်လာမည်ဟု ဒေသခံများ မထင်မှတ်ခဲ့ပေ။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးမှ ရောက်လာမည်ဟု ယူဆကြ၏။

သို့သော်လည်း ဧပြီ ၁၃ မှစတင်ကာ သံတွဲမြို့နယ်၊ ရေစင်ရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားလာသည်။

ကနဦးတွင် AA တပ်ဖွဲ့ဝင်များရှိနိုင်သည့်နေရာများကို စစ်တပ်က စစ်ကြောင်းထိုးခဲ့သော်လည်း ဧပြီလ နောက်ဆုံးပတ်တွင် လင်းသီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းတစ်ခုလုံး အကျအဆုံးများပြားခဲ့သဖြင့် ထပ်မံထိုးစစ်ဆင်ခြင်းမပြုလုပ်တော့ဘဲ ခုခံစစ်သာ ဆင်နွှဲသွားသည်ဟု စစ်ရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ဒေသခံများက ဆိုကြသည်။

ဇွန်လ ၂ ရက်နေ့က စတင်ပြီး သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခွဲခန့် (သုံးကီလိုမီတာခန့်) တွင်ရှိသည့် ဂေါ့တောင်တန်းအနီးတွင် တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီသည် ပင်လယ်ပြင်မှ စစ်သင်္ဘော သုံးစီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် Navy Seal ခေါ် ရေတပ်အထူးတပ်ဖွဲ့ဝင်များ သုံးပြီး ထိုနေရာကို အသည်းအသန်ခုခံနေခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဂေါ့ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ Speed Boat တစ်စီးကိုလည်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ထိုနေ့မှစ၍ သံတွဲမြို့နယ်အတွင်းတွင် တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေပြီး AA သည် ခမရ ၅၆၆ တပ်ရင်းအနီးသို့ ချဉ်းကပ်ရောက်ရှိသွားပြီဖြစ်ကာ ထိုပတ်ဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သံတွဲမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဇွန် ၁၂ ရက်နေ့တွင် ပြောသည်။

“မနေ့ကအထိတော့ ချတုန်းပါ။ လက်နက်ကြီးတွေ အများကြီးပစ်တယ်။ ပစ်တာကတော့ နေရာစုံက ပစ်နေတာပေါ့။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲလည်း လက်နက်ငယ်သံတွေကြားနေတာပဲ” ဟု ၎င်းက ဆိုသည်။

“(ခမရ) ၅၆၆ နောက်ကျောဘက်လောက် ကျမယ်ပေါ့၊ တိုက်ပွဲဖြစ်နေတာ။ မြို့နဲ့နှစ်မိုင်ကွာ၊ သုံးမိုင်ကွာနေရာတွေပေါ့။ မြို့ကို ဦးတည်လာတဲ့ပုံတော့မဟုတ်ဘူး။ စစ်တပ်စခန်းတွေကို ဦးတည်လာတာ”

စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူများအပြင် ညသန်းခေါင်ယံများတွင်လည်း လေကြောင်းပစ်ကူများ သုံးပြီး ခုခံနေသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

သံတွဲမြို့နယ်တွင် ခမရ ၅၆၆၊ ခလရ ၅၅ နှင့် မောင်ရွှေးလေးရေတပ်စခန်းတို့ရှိပြီး AA က ထိုစခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်လျှင် သံတွဲမြို့ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

မြို့နယ်အတွင်းမှ လင်းသီတိုက်ပွဲ၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးဖြစ်ပွားသည့် တိုက်ပွဲတို့တွင် အကျအဆုံးများပြားခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်များဖြင့် စစ်ကူထပ်ပို့ထားသော်လည်း အောင်ပွဲရနေသည့် AA က သံတွဲမြို့ကို သိမ်းနိုင်မည်ဟု ဆင်ခေါင်းရွာ ဗုံးကြဲမှုကို ကြုံတွေ့ခဲ့ရသည့် ဒေသခံ အမျိုးသားက ယူဆသည်။

“အဲ့တပ်စခန်းတွေကို ရသွားရင် သံတွဲမြို့မှာ ဘာရှိတော့မလဲ။ ရှိတယ်ဆိုရင်လည်း ရှိတဲ့အကောင်တွေ ထွက်ပြေးသွားမှာပေါ့။ ကျွန်တော့်အထင်တော့ သိပ်ခက်ခဲမယ်မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်တွင် ကျောက်တော်မြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဘူးသီးတောင်မြို့ စကခ (၁၅)၊ တောင်ကုတ်ခရိုင် တောင်ကုတ်မြို့ စကခ (၅) တို့၏ ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်ရင်းများ၊ နယ်ခြားစောင့်တပ်ရင်းများ၊ အမြောက်တပ်များ ရှိသည်။

စကခ (၉) လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့ ၃ မြို့တွင် အခြေစိုက်ထားသော ခမရတပ်ရင်း ၁၀ ရင်းလုံးကို ဖေဖော်ဝါရီလဆန်းကပင် AA က သိမ်းထားသည်။ အလားတူ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံတပ်ရင်းအားလုံးကို မေလ ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့သည်။

စကခ (၅) သည် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် အခြေစိုက်ကာ လက်အောက်ခံ ခမရ၊ ခလရတပ်ရင်း ၁၀ ရင်းရှိကာ တောင်ကုတ်မြို့တွင် ခမရ ၃၄၆၊ ၅၄၄၊ အမ်းတွင် ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ ကျောက်ဖြူတွင် ခမရ ၅၄၂၊ ၅၄၃ ဂွမြို့တွင် ခမရ ၅၆၂၊ ၅၆၃ နှင့် သံတွဲတွင် ခမရ ၅၆၆ တို့ရှိသည်။

သံတွဲမြို့၏ လူမှုစီးပွားဘဝ

သံတွဲဒေသခံသုံးပုံတစ်ပုံခန့်မှာ တိုက်ပွဲအန္တရာယ်ကြောင့် ရန်ကုန်နှင့် ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီးဖြစ်သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီးနောက် စစ်တပ်က သံတွဲလေဆိပ်ကို ဇွန် ၃ မှ စတင်ကာ ပိတ်လိုက်ပြီး စစ်ဘက်ဆိုင်ရာအတွက်သာ အသုံးပြုနေရာ သံတွဲမြို့သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း အဆက်အသွယ်ပြတ်တောက်နေသည့် အထီးကျန်မြို့ဖြစ်နေသည်။

ကုန်စည်စီးဆင်းမှု မရှိသလောက်နည်းပါးနေကာ ခိုးကြောင်ခိုးဝှက်တင်သွင်းမှုတချို့သာရှိသဖြင့် ကုန်ပစ္စည်းစျေးနှုန်း အဆမတန်မြင့်တက်နေသည်ဟု သံတွဲမြို့မှ အမည်မဖော်လိုသည့် အထက်ပါဒေသခံက ပြောသည်။

“ကုန်စီးဆင်းမှုက ပိတ်ထားတယ်လေ။ စားသောက်ကုန်ဘာညာ မသယ်ရဘူး။ ဖုန်းအားသွင်းတာတို့၊ ဘက်ထရီတို့ မသယ်ရဘူး။ နောက်ဆုံး အမျိုးသမီးလစဉ်သုံး ပိတ်တယ်။ ကလေးဒိုင်ပါ (ကလေးအနှီး) တွေကိုလည်း ပိတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ ကြား၊ ဓာတ်ဆီတစ်လီတာလျှင် ၁၁၀၀၀ အထိ ရှိနေသည်။

သံတွဲတိုက်ပွဲမစတင်ခင်က ဆန်ကြမ်းတစ်အိတ်လျှင် ၈ သောင်းခန့်ရှိရာမှ ကျပ် ၁၂၀၀၀၀ အထိ စျေးနှုန်းမြင့်တက်နေသလို ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင်လည်း တစ်သိန်းခွဲဝန်းကျင်ရှိရာမှ ယခုအခါ ၂ သိန်းခွဲရှိနေပြီး စားအုန်းဆီ တစ်ပိဿာလည်း ကျပ် ၁၇၀၀၀၊ ပဲဆီတစ်ပိဿာလျှင် ၂၀၀၀၀ အထိ ရှိနေသည်။

တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကောင်စီက စာသင်ကျောင်းများဖွင့်လှစ်ထားသောကြောင့် ကျောင်းဆရာဆရာမတချို့၊ ကျောင်းသားကျောင်းသူများ ကျောင်းတက်နေကြသည်ဟု သံတွဲဒေသခံဆရာမတစ်ဦးက ပြောသည်။

“ကျောင်းတွေကို လက်နက်ကြီးတွေ အချိန်မရွေး ကျရောက်ပေါက်ကွဲနိုင်တယ်။ အဲဒီကြားထဲမှာ စိုးရိမ်စိတ်နဲ့ စာသင်နေရတာ အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၁ အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် နိုင်ငံအနှံ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အရပ်ဘက်ပစ်မှတ်များဖြစ်သည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် ဆေးရုံ၊ လူနေအဆောက်အအုံတို့ကိုလည်း ဦးတည်ပစ်ခတ်လေ့ရှိသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ မေလ ၁၃ ရက်နေ့ကြား ကြည်းရေလေတပ်များ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၆၈ ဦးသေဆုံးသွားပြီး ဒဏ်ရာရရှိသူ ၆၄၀ ရှိသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး၏ မေ ၂၇ ထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးခံရသူ ၄၂၅ ဦးရှိကာ စစ်ဘေးရှောင်စုစုပေါင်း ၆ သိန်းနီးပါးအထိရှိသည်ဟု ဆိုသည်။

စစ်ကောင်စီက ထိုထုတ်ပြန်ချက်ကို တုံ့ပြန်ခြင်း မရှိပေ။

AA သည် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ မှစတင်ကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ လအတွင်း ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

အလားတူ မောင်တော၊ အမ်း၊ သံတွဲတို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိသည်။ သံတွဲတွင် နယ်စွန်နယ်ဖျားဘက်မှ တိုက်ပွဲစတင်ဖော်‌ဆောင်လာရာမှ ယခုအခါ မြို့အနီးရှိ တပ်စခန်းများဆီသို့ ချဉ်းကပ်ဝင်ရောက်လာပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *