ထောက်ကြန့်ရဲစခန်း လိုင်းခန်းအနီး ဗုံးခွဲတိုက်ခိုက်မှု၊ အထိအခိုက်ရှိဟုဆို

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်ရဲစခန်းအိမ်ထောင်သည်လိုင်းခန်းအနီး ဗုံးခွဲတိုက်ခိုက်မှုတွင် ထိခိုက်မှုရှိကြောင်း Yangon UG People Army (YUPA) တပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

ယမန်နေ့ (ဇွန်လ ၁၂ ရက်)ည ၇ နာရီ ၁၆ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ထောက်ကြန့်ရဲစခန်း အိမ်ထောင်သည်လိုင်းခန်းထောင့်နှင့် မော်တော်ပီကယ်ရုံးကြားတွင် ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်ခြင်းဟု ဆိုသည်။

“ ပြင်းအားမြင့်အောင် မိုင်း နှစ်လုံးကို တလုံးထဲပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။ အထိအခိုက်ရှိပါတယ်” ဟု Yangon UG People Army တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်လာကာ လမ်းများအားပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon UG People Army နှင့်အတူ မဟာမိတ် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့(၂) တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း YUPA တာဝန်ရှိသူက ဆိုသည်။

“ UG တွေဆိုတာ ​ေ-ွး(စစ်ကောင်စီတပ်)တွေ ဘယ်လောက်လုံခြုံရေးတင်းကျပ်တင်းကျပ် ရအောင်တိုက်ခိုက်မှာပါ။ အခက်အခဲတွေတော့ ရှိတာပေါ့” ဟု Yangon UG People Army တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့မရဲစခန်း အိမ်ထောင်သည်လိုင်းခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုတွင် ရဲ တဦးထိခိုက်မှုရှိကြောင်း Yangon UG People Army တပ်ဖွဲ့ကပြောကြားထားသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှ စစ်ကောင်စီဒေါက်တိုင် ရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူးများ မကြာခဏ ဗုံးခွဲတိုက်ခိုက်မှု ခံနေရပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိနေသည်။

ပုံအညွှန်း – တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည်ဟုဆိုသည့် အဝေးထိန်းမိုင်း။ (ပုံ – Yangon UG People Army-YUPA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *