နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး ….

ကျိုက်မရော ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး သေနတ် ပစ်ဖောက်၍ ရိုက်နှက်မှုများ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှ ပဲခူးတိုင်း ဒိုက်ဦး အကျဉ်းထောင်သို့ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူများကို ထောင်ဝန်ထမ်းများက မူးယစ်ဆေးနှင့် ဖုန်းများ တွေ့သည်ဟု စွပ်စွဲကာ အမှုထပ်တိုးမည်ဟု ခြိမ်းခြောက်ပြီး သေနတ် ပစ်ဖောက်၍ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း Women’s Organization Of Political Prisoners မှ တာဝန်ရှိသူကပြောကြားသည်။

ဇွန်လ ၁၅ ရက်နေ့တွင် ကျိုက်မရော အကျဉ်းထောင်မှ ဒိုက်ဦး အကျဉ်းထောင်သို့ ပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသူများကို စစ်ဆေးကာ မူးယစ်ဆေးတွေ့သည်ဟု စွပ်စွဲကာ ထပ်မံတရားစွဲဆိုရန်လည်း စီစဉ်နေခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူများထဲတွင် ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး သေဆုံးမှု ရှိ မရှိကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

“ကျိုက်မရောကနေ ဒိုက်ဦးထောင်ိပု့လိုက်တဲ့အနေအထားမှာ သူတို့အကြောင်းပြချက်က နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ရှာဖွေတဲ့အခါ ဖုန်းတွေ မိတယ်။ မူးယစ်ဆေးတွေ မိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်ပြောင်းပို့ခံရတဲ့နိုင်ငံရေးအကျဉ်းသူတွေကို မူးယစ်ဆေးမှုပါ ကပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုလုပ်နေတယ်လို့ ကြားသိရတယ်။ ညနေပိုင်းလောက်မှာ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုတော့ ထောင်မှူးကနေ အကျဉ်းဦးစီးရဲ့ ဝန်ထမ်းတွေ ယောက်ျားသားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တာတွေ ပြီးတဲ့အခါကျရင် ခြိမ်းခြောက်တာတွေ နင်ပဲငဆ ဆဲရေးတိုင်းထွာတာတွေ လေးဂွတွေ ဘာတွေနဲ့ အဲဒီလိုမျိုးလည်း ဝင်ပြီး ရိုက်နှက်တယ်လို့ ကြားရတယ်။ သေဆုံးမှုတွေ ရှိတယ်လို့ ကြားရတယ်။ သူတို့က ဒါကို သတင်းအမှောင်လည်း ချထားတယ်။ သတင်းအမှောင်ချထားတဲ့အပြင်ကို ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်ကို ရောက်တယ်ဆိုတဲ့ဟာကို တခြားထောင်ကနေ ရောက်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သတင်းအမှားတွေနဲ့သူတို့ ပြုလုပ်နေကြတယ်။ ပြီးတဲ့အခါကျရင် အထဲမှာ သတင်းလည်း ပိတ်လှောင်ထားတာ ဖြစ်တဲ့အတွက် ညီမတို့က မနက်ခင်းအစောကမှ သိရတယ်”ဟု Women’s Organization Of Political Prisoners မှ တာဝန်ရှိသူကပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်လက်အောက်ခံ အကျဉ်းထောင် ဝန်ထမ်းများမှ ” မိုက်ရင် ထွက်ခဲ့ “ဟု အော်ဟစ်ကာ အမျိုးသမီးဆောင်ကို သေနတ်များ ပစ်ဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ အုတ်ခဲများဖြင့် ဝိုင်းပစ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း ဒိုက်ဦးအကျဉ်းထောင်အတွင်းရှိ အမျိုးသမီးဆောင်ကို ထောင်ဝန်ထမ်းအမျိုးသားများက အင်အားသုံးရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

လက်ရှိတွင် ဒိုက်ဦးအကျဉ်းထောင်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြမ်းဖက်စစ်တပ်‌ လက်အောက်ခံ ထောင်ဝန်ထမ်းများက ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်း ဖြစ်ကာ လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမျှ မရှိသည့် အမျိုးသမီးများကို အင်အားသုံးကာ အကြမ်းဖက်မှုများပြုလုပ်နေခြင်းသည် များစွာရွံ့ရှာဖွယ်ကောင်းကြောင်း၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့အနေနှင့် အဆိုပါ လုပ်ရပ်များကို ရှုတ်ချကြောင်း၊ ထိုကဲ့သို့ အကျဉ်းထောင်အတွင်းရှိ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနှင့်အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်‌‌လောင်ဖြင့် အသံထွက်ပေးကြရန် နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေတ္တာရပ်ခံထားသည်။

“ထောင်ပြောင်းပို့ခံရရင် ကျိုက်မရောမှာ ရှာဖွေရေးတော့ လုပ်မှာပဲ။ Clear ဖြစ်တယ်၊ အကုန်ရှင်းတယ်ဆိုတဲ့ အနေအထားမျိုးရောက်မှ တခြားထောင်ကို ပို့တာ။ ဒီဒိုက်ဦးထောင်ရောက်မှ ကျိုက်မရောက ပါလာတဲ့ဖုန်းတွေ၊ မူးယစ်ဆေးဝါးတွေ တွေ့တယ်ဆိုတာ ယုတ္တိမရှိဘူး။ ဒီအမျိုးသမီးတွေကို အမျိုးသားအင်အား အလုံးအရင်းတွေက ဘယ်လိုအကြောင်းနဲ့မှ ရိုက်နှက်ပိုင်ခွင့်မရှိဘူး။ လူ့အခွင့်အရေးချိုးဖောက်တာ။ နိုင်ငံရေးအကျဉ်းသူဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မှာဆိုရင် ၅၀၀၀ ကျော်ပဲ ရှိပါတယ်။ ဒီအမျိုးသမီးလေးတွေကို ဘာလို့ ဖိနှိပ်မှုတွေနဲ့ ထောင်ပြောင်းမှုတွေ ဘာလို့ လုပ်ဆောင်နေကြတာလဲ။ ကျွန်မတို့ကတော့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား ၂၀၀၀၀ ကျော်ကျန်ရှိနေတယ်။ ပြည်သူနဲ့ အတူတူပူးပေါင်းပြီး မိတ်ဖက်အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေ ပူးပေါင်းပြီး ကျွန်မတို့တွေ ကယ်ထုတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်” ဟု Women’s Organization Of Political Prisoners မှ တာဝန်ရှိသူကပြောကြားသည်။

အကျဉ်းထောင်အသီးသီးတွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသူများကို အခြားအမှုနှင့် ယှဉ်ပါက နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေကြောင်း၊ အခြားအမှုများနှင့် နိုင်ငံရေးအကျဉ်းသူများ ပြဿနာဖြစ်စေရန် လုပ်ဆောင်လေ့ရှိပြီး ပြဿနာဖြစ်လာပြီဆိုလျှင်လည်း နိုင်ငံရေးအကျဉ်းသူများကိုသာ ရိုက်နှက်ခြင်း တိုက်ပိတ်အရေးယူခြင်းများကို ပိုမိုကျူးလွန်နေကြောင်း၊ အခြားအမှုနည်းတူ အခွင့်အရေးမပေးခြင်းမျိုး အခြားအမှုများကို တန်းစီအနေနှင့် ခန့်၍ အချင်းချင်း ရန်တိုက်ပေးမှုမျိုးလည်း ရှိကြောင်း Women’s Organization Of Political Prisoners အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *