စစ်ကောင်စီတပ်တွင်းအပြောင်းအလဲနဲ့ အရန်တပ်ဖွဲ့ဥပဒေ

ဒီဘက်နှစ်ပိုင်းမှာ စစ်ကောင်စီတပ်တွင်း အပြောင်းအလဲတွေကို အတော်များများတွေ့နေခဲ့ရပါတယ်။ စစ်တိုင်းမှူး အပြောင်းအလဲတွေ၊ ဗိုလ်မှူးချုပ်အပြောင်းအလဲတွေအပြင် အငြိမ်းစားယူထားတဲ့ တပ်အရာရှိတွေကိုပြန်ခေါ်ပြီး နေရာပေးတာတွေအထိ တွေ့လာရတာဖြစ်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ စစ်အာဏာကိုရယူပြီးကတည်းက အယုံအကြည်မရှိသူတွေကို မကြာခဏဆိုသလို နေရာပြောင်းလဲမှုတွေလုပ် ခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း စစ်ဆင်ရေးတွေမှာကျရှုံးသူတွေကို တာဝန်မကျေပွန်သူတွေအဖြစ်သတ်မှတ်ပြီး ရာထူးကနေ ထုတ်ပယ်ထောင်ချတာတွေအပြင် သေဒဏ်ပေးတာအထိ လုပ်လာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကို ကိုအရှက်ရစေခဲ့တဲ့ လောက်ကိုင်စစ်ဒေသတခုလုံးလက်နက်ချမှုမှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် ခြောက်ယောက်စလုံးကို စစ်ကောင်စီခေါင်းဆောင်က သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ လောက်ကိုင်(ဒကစ)မှာလက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် တွေထဲက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း နဲ့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းတို့ကို စစ်တရားရုံးကသေဒဏ်ချမှတ်လိုက်ပြီး ဖေဖော်ဝါရီလအတွင်းမှာ အင်းစိန်ထောင်ပို့လိုက် တယ်လို့သိရပါတယ်။ သူတို့အရင်သေဒဏ်ချမှတ်ခံထားရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်မိုးလွင် နဲ့ အမှတ် (၁၆) ခြေလျင် တပ်မဟာမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့ကိုတော့ ဇန်နဝါရီလကတည်းက အင်းစိန်ထောင်ကို ပို့ထားတာဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် သမိုင်းဝင်ကျရှုံးမှုဖြစ်ခဲ့တဲ့ လောက်ကိုင်ကျရှုံးမှုမှာ ဗိုလ်မှူးချုပ်တွေ သစ္စာဖောက်တယ်လို့ ခံစားရပြီးနောက် စစ်ကောင်စီခေါင်းဆောင်ဟာ သူ့တပ်အတွင်းကထိပ်ပိုင်းခေါင်းဆောင်နေရာအတော်များများကို အပြောင်းအလဲတွေလုပ်လာခဲ့တာဖြစ်ပါတယ်။ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကို သေဒဏ်ချ မှတ်ပြီး မကြာခင်မှာပဲ စစ်ရှုံးနယ်မြေတွေက စစ်တိုင်းမှူးတွေကိုလည်း အပြောင်းအလဲတွေလုပ်ခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၄ ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေက ကျိုက်ဒုံဗျူဟာကုန်းကျသွားပြီး နောက် မွန်နဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နေရာမှာ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်လင်းမောင်ကို ခန့်အပ်ခဲ့တာဖြစ် ပါတယ်။ တိုင်းမှူးသစ်ဖြစ်လာတဲ့ ဗိုလ်မှူးချုပ် ကျော်လင်းမောင်ဟာ စစ်တက္ကသိုလ်အပတ်စဉ်(၄၀) ကျောင်းဆင်း ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံနည်းသူဖြစ်ပေမယ့် စစ်ကောင်စီခေါင်းဆောင်ယုံကြည်ရသူဖြစ်ပါတယ်။ နောက်ထပ် စစ်တိုင်းမှူး အပြောင်းအလဲအဖြစ် တနင်္သာရီအခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော် စွာဦးကို ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါ တယ်။ လစ်လပ်သွားတဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနဲ့ အစားထိုးခဲ့တာပါ။ ရခိုင်စစ်ပွဲအရှုံးနဲ့ပတ်သက်လို့ စစ်တွေ(ဒကစ)မှူးနဲ့ ထိုးကြိတ်ရန်ဖြစ်ခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကိုတော့ ရာထူးကနေဖယ်ရှားခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်လက်ထက်မှာ တိုက်ပွဲတွေရှုံးနိမ့်တဲ့ တိုင်းမှူးတချို့ ရာထူးကနေ ဖယ်ရှားခံရတာ ရှိသလို နောက်တဆင့် ရာထူးတိုးပေးခံရသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

အဲဒီလိုရာထူးတိုးပေးခံရသူတွေထဲမှာ ဗိုလ်ချုပ်ကနေ ဒုဗိုလ်ချုပ်ကြီးအဆင့်ထိတိုးပေးပြီး အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးဖြစ်လာသူ နိုင်နိုင်ဦးကတော့ အထူးခြားဆုံးလို့ဆိုရပါမယ်။ ကိုးကန့်နယ်အပါအဝင် ရှမ်းမြောက်ဒေ သမှာ စစ်ရေးရှုံးနိမ်ခဲ့ပေမယ့် အဲဒီဒေသကိုတာဝန်ယူထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးကို ဖေဖော်ဝါရီ ၁ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရသူတွေကို နေရာပေးလာနေပြီး တဖက်မှာလည်း သူ့ရဲ့ယုံကြည်မှုမရသူတွေကို ရာထူးကအနားပေးတာလုပ်ရင်လုပ်၊ မလုပ်ရင် အရန်အင်အားထဲကို ပို့ပစ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန် ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နဲ့ လက်ရုံးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် လေးယောက်ကို အရန်အင်အားပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော်တိုင်းမှူးသစ်အဖြစ် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းဖြစ်လာခဲ့ပြီး သူ့နေရာကိုတော့ စစ်ရုံးချုပ်က ဗိုလ်မှူးချုပ် ပြည့်စုံလင်း ရောက် လာခဲ့ပါတယ်။ ဗိုလ်ချုပ် စိုးမင်းဟာ နှစ်လကျော်အတွင်းမှာ နှစ်ကြိမ်ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပါတယ်။ မွန်နဲ့ ကရင် ပြည်နယ်မှာ စစ်ဆင်ရေးတွေရှုံးနိမ့်မှုကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူးဘဝကနေ ကမ်းရိုး တန်းတိုင်းမှူးအဖြစ်ပြောင်းရွှေ့ခံခဲ့ရပြီးနောက် အခုနေပြည်တော်တိုင်းမှူးအဖြစ် ထပ်မံပြောင်းရွှေ့ခံရတာဖြစ်ပါ တယ်။ သတင်းတွေအရတော့ စစ်ကောင်စီခေါင်းဆောင်ဟာ ဗိုလ်ချုပ် စိုးမင်းရဲ့ စစ်ဆင်ရေး စွမ်းဆောင်ရည်ကို မကြိုက်ပေမယ့် သစ္စာရှိမှုကိုကြိုတ်တဲ့အတွက် ရာထူးကအနားမပေးဘဲ စစ်ဆင်ရေးမရှိတဲ့နေပြည်တော်ကိုရွှေ့ လိုက်တာလို့လည်းသိရပါတယ်။

ကမ်းရိုးတန်းမှူးနေရာကိုအသစ်ရောက်လာတဲ့ ဗိုလ်မှူးချုပ်ပြည့်စုံလင်းဟာ စစ်တက္ကသိုလ်အပတ်စဉ်(၄၀)ကျောင်း ဆင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်ကစပြီး နေပြည်တော် စစ်ရုံးချုပ်မှာ စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်နဲ့ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ရဲ့ ဌာနချုပ်မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ တပ်ချုပ်နဲ့ ဒုတပ်ချုပ်ထံ မြေပြင်တပ်မှူးတွေ ကပေးပို့တဲ့ စစ်ဆင်ရေးသတင်းတွေကို တင်ပြရသူဖြစ်တဲ့အပြင် စစ်ခေါင်းဆောင် ယုံကြည်ရသူလည်းဖြစ်ပါတယ်။ အရာရှိငယ်ဘဝကနေ ဗိုလ်မှူးချုပ်ဖြစ်လာတဲ့အထိ ကိုယ်တိုင်စစ်တိုက်ဖူးသူ မဟုတ်ဘူးလို့တော့သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်ဟာ စစ်တိုင်းမှူးနေရာတွေကို မကြာခဏအပြောင်း အလဲပြုလုပ်ခဲ့သလို သုံးနှစ်ကျော်အတွင်း နေပြည်တော် စစ်တိုင်းမှူး လေးယောက်အထိပြောင်းလဲခဲ့ပြီး ကမ်းရိုး တန်းစစ်ဌာနချုပ်တိုင်းမှူးကို သုံးကြိမ် အပြောင်းအလဲပြုလုပ်ထားခဲ့တာပါ။ မေလကုန်ပိုင်းက အရန်အင်အားကို အပို့ခံရသူတွေထဲမှာ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တွေဖြစ်တဲ့ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးနဲ့ ဆက်သွယ်ရေးရုံး ညွှန်ကြား ရေးမှူးတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုလို စစ်လက်နက်ပစ္စည်းတပ်တွေနဲ့ ဆက်သွယ်ရေးတပ်တွေလို အရေးကြီးတဲ့ နေရာတွေကို အပြောင်းအရွှေ့လုပ်ခဲ့တာဟာ ထူးခြားပါတယ်။ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြား ရေးမှူးသစ်အဖြစ် ဗိုလ်မှူးချုပ် ထူးမြတ်တိုး ဖြစ်လာခဲ့ပြီး ဗိုလ်မှူးချုပ် ထင်ကျော်စိုးကတော့ အမြောက်တပ်ဖွဲ့ ညွှန် ကြားရေးမှူးသစ် ဖြစ်လာခဲ့တာပါ။ ထောက်ပံ့နဲ့ ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးဖြစ်လာပြီး လစ်လပ်သွားတဲ့ ထောက်ပံ့နဲ့ ပို့ဆောင်ရေးညွှန်ကြားရေးမှူးနေရာကိုတော့ စစ်ထောက်ချုပ်ရုံးက ဗိုလ်မှူးချုပ် တင်စိုး ရောက်လာခဲ့တာဖြစ်ပါတယ်။

စစ်ဆင်ရေးမှာ အရေးပါတဲ့ရာထူးတွေအပြောင်းအလဲဖြစ်လာပြီးနောက် လက်ရုံးတပ် ဗိုလ်ချုပ်တွေကို ထပ်မံ အပြောင်းအလဲပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ လက်နက်ခဲယမ်းနဲ့ စက်သုံးဆီတွေရောင်းချမှုနဲ့ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် ဖမ်းဆီးစစ်ဆေးခံပြီးနောက်မှာ အခုလို အပြောင်းအလဲတွေဖြစ်လာခဲ့ တာလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ် ဝင်းလွင်နဲ့ အတူ ကျားဖြန့်ကိစ္စနဲ့ ဖမ်းဆီးစစ်ရေးခံနေရတဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းကိုလည်း အရန်အင်အားကိုပို့ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဒုဝန်ကြီးနေရာ ကိုလည်း စစ်ခေါင်းဆောင်ရဲ့လူယုံတယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ကိုလေး ကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အခုနောက် ဆုံး စစ်ခေါင်းဆောင်ဟာ တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်နဲ့ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိ တွေအထိ အပြောင်းအလဲပြုလုပ်ထားခဲ့တဲ့အပြင် အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစားယူထားတဲ့ တပ်အရာရှိ ၁၄၀၀ ကျော်ကိုပါ ပြန်ခေါ်ထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အငြိမ်းစားယူသွားခဲ့တဲ့ ဗိုလ်မှူးကနေ ဗိုလ်မှူး ကြီးအဆင့် တပ်အရာရှိတွေဆင့်ခေါ်ခံရတာဖြစ်ပြီး တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အကြံပေးဆိုတဲ့ ကဏ္ဍ သုံးခုခွဲထားပြီး သင့်တော်တဲ့နေရာတွေမှာ စစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။ စစ်မှုထမ်း ဥပ ဒေနဲ့အတူ အသက်ဝင်လာတဲ့ အရန်တပ်ဖွဲ့ဥပဒေအရ အခုလိုဆင့်ခေါ်ခဲ့တာဖြစ်ပြီး အငြိမ်းစားအရာရှိ ထောင်ကျော် ကို ပထမဆုံးဆင့်ခေါ်မှုလည်း ဖြစ်ပါတယ်။ အရန်တပ်ဖွဲ့ဝင်တစ်ယောက်ဟာ အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်ရင် ဆက် လက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဆင့်ခေါ်ခံရသူတွေထဲမှာ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကြသူတွေရှိ သလို တချို့ကလည်း မူလအဆောင်အယောင်တွေ ပြန်ရတော့မှာမလို့ ပျော်နေသူတွေလည်းရှိတယ်လို့ ဆင့်ခေါ်ခံ ရသူတွေဆီက အသံတွေထွက်နေခဲ့တာပါ။ ဒါကိုကြည့်ရင် ရာထူးနဲ့အာဏာကိုမက်မောပြီး အာဏာသိမ်း စစ်ခေါင်း ဆောင်အတွက် အသေခံပေးချင်သူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *