မန္တလေးမှာ ပန်းပန်လို့ ဆိုပြီး လက်ဖက်ရည်ဆိုင် ထိုင်နေသူကို စစ်အုပ်စုက ဆိုင်ထဲဝင်ရောက် ရိုက်နှက်ဖမ်းဆီး

ပန်းစည်းကိုင် ဓာတ်ပုံရိုက်သူ အမျိုးသမီးနဲ့ ပန်းပန်တဲ့ လက်ဖက်ရည်ဆိုင် ဝန်ထမ်းတွေကိုလည်း ဖမ်းထားတယ်လို့ စစ်အုပ်စု အောင်ပွဲခံ သတင်းဖြန့်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ် လှုပ်ရှားမှု ပြုလုပ်သူတွေကို အကြမ်းဖက် ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်အုပ်စုက ဒီမနက်ပိုင်း မြို့ခံလူငယ် လေးဦး ထက်မနည်းကို ဖမ်းဆီး ထားတယ်လို့ သတင်းရရှိပါတယ်။

ဇွန်(၁၉)ရက် ဒီမနက်ပိုင်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၃၁)လမ်းနဲ့ (၈၁)လမ်းအနီး၊ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ်တစ်ဦးကို ပန်းပန်ထားလို့ ဆိုပြီး စစ်အုပ်စုက ဆိုင်ထဲအထိ စီးနင်းဝင်ရောက်ကာ ရိုက်နှက် ခေါ်ဆောင် သွားသလို ဘေးမှာ အတူ ထိုင်နေတဲ့ နောက်ထပ် လူငယ်ကိုပါ ဖမ်းဆီးသွားတယ်လို့ မန္တလေး မြေပြင်ကင်းထောက် အဖွဲ့တွေက ဖော်ပြပါတယ်။

ဒါ့အပြင် ပန်းစည်းကိုင်ကာ ဓာတ်ပုံရိုက်ထားလို့ ဆိုပြီး မန္တလေးက ဆယ်ကျော်သက်အရွယ် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီး လိုက်တယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

“မန်းလေး အကြမ်းဖက်အားပေး ပန်းသပိတ်ပြုလုပ်သူ နှစ်ယောက် Save” ဆိုပြီး စစ်လော်ဘီတွေက ဓာတ်ပုံနဲ့တကွ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ဆက်လက်ပြီး မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပန်းပန်ထားတဲ့ ဆိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီးတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုက ဓာတ်ပုံနဲ့တကွ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ ဆိုင်နာမည်နဲ့ ဖမ်းဆီးထားသူတွေရဲ့ ပုံတွေ ဖော်ပြထားပေမယ့် ဆိုင်လိပ်စာကိုတော့ မဖော်ပြထားပါဘူး။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ စျေးနဲ့ ဘုရားတွေမှာပါ လုံခြုံရေး ကင်းလှည့်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အရပ်ဝတ်တွေ အများဆုံး တွေ့ရတယ်။ မဟာမုနိဘုရားကြီး အတွင်းထဲမှာရော၊ ဘေးတွေမှာရော အရပ်ဝတ်၊ ယူနီဖောင်းဝတ်လူတွေ အများကြီး တွေ့ရတယ်”လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက မန္တလေးမြို့အနှံ့ လုံခြုံရေး တင်းကြပ်ထားပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာတော့ စျေးတွေ၊ ဘုရားတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ကင်းတွေ ချတာ၊ မြို့အနှံ့ ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ ဒီမနက်ပိုင်း ပန်းပန်တဲ့ကိစ္စ အကြောင်းပြပြီး စစ်အုပ်စုက အနိုင်ကျင့် ဖမ်းဆီးထားသူတွေ/Photo – စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *