ရန်ကုန်အခြေစိုက် ဗြိတိန်၊ ဒိန်းမတ်၊ နော်ဝေး၊ အီတလီ၊ ဥရောပသမဂ္ဂနှင့် ဂျာမနီသံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်တွင် ပါဝင်သည့်အနေဖြင့် Facebook Profile ဓာတ်ပုံများကို ပန်းဓာတ်ပုံများအဖြစ် ပြောင်းလဲ

ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး၊ ဒိန်းမတ်၊ နော်ဝေး၊ အီတလီ၊ ဥရောပသမဂ္ဂနှင့် ဂျာမနီသံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်တွင် ပါဝင်သည့်အနေဖြင့် Facebook Profile ဓာတ်ပုံများကို ပန်းပုံများ ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်မြောက် မွေးနေ့ အဖြစ် ဗြိတိန်သံရုံးက ဒေါ်အောင်ဆန်းစုကြည် ပန်းပန်ထားသည့် နောက်ကျော ပန်းချီကားကို Facebook Profile ဓာတ်ပုံအဖြစ် ပြောင်းလဲလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုသည်။

“ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိမိတို့အနေနဲ့ ရှုတ်ချပြီး၊ သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံရေးအရ လှုံ့ဆော် စွပ်စွဲချက်များဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်” ဟု ရန်ကုန်ဗြိတိန်သံရုံးက ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်အခြေစိုက် ဥရောသမဂ္ဂသံရုံးကလည်း Facebook Profile ဓာတ်ပုံကို စံပယ်ပန်းပုံအဖြစ် ပြောင်းလဲလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့တွင် ပါဝင်လာကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်ရှိ ဂျာမနီသံရုံးကလည်း Facebook Profile ဓာတ်ပုံကို အမျိုးသမီးတစ်ဦး၏ ဦးခေါင်းတွင် နှင်းဆီပန်း ပန်ထားသော ဓာတ်ပုံကို ပြောင်းလဲခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ပန်းသပိတ်တွင် ပါဝင်လာကြောင်း သိရှိရသည်။

ရန်ကုန်ရှိ ဒိန်းမတ်သံရုံး၊ အီတလီသံရုံးနှင့် နော်ဝေးသံရုံးတို့ကလည်း နှင်းဆီပန်း ဓာတ်ပုံကို Facebook Profile ဓာတ်ပုံအဖြစ် ပြောင်းလဲခြင်းဖြင့် ပန်းသပိတ် တွင်ပါဝင်လာကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *