ရဲစခန်းရှေ့ကင်းစောင့်သည့် စစ်ကောင်စီတပ်ကြပ်က ရဲဗိုလ်တစ်ဦးကို သေနတ်ဖြင့်ပစ်၍ ဆေးရုံရောက်

ပဲခူးတိုင်း၊ သာယာဝတီမြို့တွင် ရဲစခန်းရှေ့ကင်းစောင့်သည့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးက ရဲဗိုလ်တစ်ဦးကို သေနတ်ဖြင့်အချင်းချင်းပြန်လည်ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကျည်ဖောက်ဝင်ပြီး ဆေးရုံသို့ပို့လိုက်ရကြောင်း ဒေသခံပြည်သူများကပြောသည်။

ဇွန်လ ၁၆ ရက် ညနေ ၆ နာရီ ၂၄ မိနစ်ခန့်က သာယာဝတီမြို့မရဲစခန်းရှေ့ လုံခြုံရေးကင်းချထားသော စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးက ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းယူနေသည်ကို ဟန့်တားစဥ် ၎င်းတပ်ကြပ် က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“သာယာဝတီမြို့နယ်အခြေစိုက် ခလရ(၃၅) တပ်က တပ်ကြပ်က သာယာဝတီမြို့မရဲစခန်းက () ပွင့်ရှိ ရဲဗိုလ်လေးကို သေနတ်နဲ့ပစ်တာ။ အရင်ကတည်းက သူတို့တွေ မိန်းမကိစ္စတခုနဲ့ ပြဿနာတက်ထားဖူးတာလည်းရှိတယ်။ တ ခြားကိစ္စတွေလည်း ပြဿနာတက်ဖူးတယ်ပြောတယ်”ဟု သာယာဝတီဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် တပ်ကြပ်သည် မူးယစ်ဆေးဝါးသုံးစွဲထားပြီး ၎င်းပစ်ခတ်မှုကြောင့် ရဲဗိုလ်၏ ရင်ဘတ်တွင် ကျည်ဖောက်ဝင်သွားပြီး သေဆုံးမှုရှိမရှိ မသိရသေးဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံ လက် နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့် တပ်ကြပ်ကို ခလရ (၃၅) တပ်တွင်း၌ ဖမ်းဆီးအချုပ်ချ၍ စစ်ဆေးမှုလုပ်နေကြောင်း ဒေသခံများထံမှ စုံးမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ အတွင်းကလည်း သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်ရှိ မီးနင်းချောင်စစ်ဆေးရေးဂိတ်၌ တာဝန်ကျသော စစ်ကောင်စီတပ်သားအချင်းချင်းပြန်လည်ပစ်ခတ်၍ တစ်ဦးသေဆုံးခဲ့သေးသည်။

(သာယာဝတီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းတစ်ခုကိုတွေ့ရစဥ်။ဓာတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *