စစ်တပ်က ပစ်ခတ်မှုကြောင့် ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်းအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်က တောင်းပန်ကြောင်း လျှောက်ထားချက်ကို ဆရာတော်၏ ဈာပနအခမ်းအနားတွင် ယနေ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင် ကိုယ်စား လာရောက် ဖတ်ကြားခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက “ဆရာတော် စီးနင်းလိုက်ပါလာသည့်ယာဉ်မှာ သာသနာရေး အမှတ်အသားများ မပါ ရှိသည့်အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသဖြင့် လုံခြုံရေးအရစစ်ဆေးရန် မှန်ချ မောင်းနှင်ရန် ရပ်တန့်ရန် တား ဆီးဆောင်ရွက်ခဲ့သော်လည်း ဆက်လက်မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းစွာ သိရှိရပါသည်ဘုရား။ ပရိယတ္တိသာသနာ တွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတပါးဖြစ်သည့် ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေ ဖြင့် များစွာဝမ်းနည်း ကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား” ဟု လျှောက်ထားခဲ့သည်။
ထို့ပြင် ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဖော် ထုတ်လျက်ရှိပြီး၊ ရရှိချက်များအပေါ် မူတည်၍ အရေးယူဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သာသနာရေးဝန်ကြီးက ပြောဆိုသည်။
၎င်းက ဆက်လက်၍ “တပည့်တော်တို့အနေဖြင့် ဆရာ ဒကာ လက်တွဲ ညီညာစွာဖြင့် သာသနာ့အကျိုးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရိုသေလေးမြတ်စွာလျှောက်ထားတင်ပြအပ်ပါသည် ဆရာတော် သံဃာတော်မြတ် ကြီးတို့ ဘုရား၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု ဖတ်ကြား လျှောက်ထားခဲ့ သည်။
စစ်ခေါင်းဆောင် ကိုယ်စား လာရောက် လျှောက်ထားတောင်းပန်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုမှု ဝန်ကြီးဌာနဝန်ကြီး ဦးတင်ဦးလွင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။
ထိုသို့ လျှောက်ထားမှုအပေါ်တွင် ဆရာတော်ကြီး တပါးက “အခု လျှောက်ထားတဲ့အတွက်တော့ သိရှိရပြီပေါ့။ ဝမ်းနည်းဖွယ်ရာ ရင်ကွဲဖွယ်ရာ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်၊ ကြေကွဲပါတယ် ဒါပဲပြောချင်တယ်” ဟု ပြန်လည် မိန့်ကြားခဲ့သည်။
ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီးတွင် ဇွန်လ ၁၉ ရက် နံနက်က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်သည်။
ထိုဖြစ်စဉ်အပေါ်တွင် သီတဂူဆရာတော်က သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် နှလုံးသွင်းတော်မူကြရန် ပဲခူး မြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ကြွရောက်စဉ် မိန့်ကြားခဲ့သေးသည်။
ထိုသို့ သီတဂူဆရာတော် မိန့်ကြားချက်အပေါ် ပြည်သူလူထု၏ ဝေဖန်မှုများစွာလည်း ထွက်ပေါ်လာခဲ့သည်။
ဝင်းနိမ္မိတာရုံဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်အပေါ် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၂၁ ရက်က သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ခဲ့သလို ဝင်းနိမ္မိတာရုံစာသင်သားဟောင်း သံဃာတော်များကလည်း စစ်ကောင်စီ အပေါ် ပရိကံဆောင်ရန်အချိန်ကျရောက်ပြီဖြစ်ကြောင်း တိုက်တွန်းထားသည်။
ယခုအခါ ဆရာတော်၏ ရုပ်ကလာပ်တော်အား ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ အပူဇော်ခံထား ရှိပြီး ဇွန်လ ၂၇ ရက်တွင် အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားမည် ဖြစ်သည်။
Leave a Reply