စစ်ကိုင်းသံဃာများ ကံဆောင်သပိတ်လုပ်ဆောင်လာ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ် သတ်ဖြတ်ခဲ့မှုအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် သံဃာထုနှင့် ပြည်သူများကျေနပ်စေရန် တောင်းပန်ခြင်းမျိုး မရှိ၍ ဒီပဲယင်း၊ ချောင်းဦး၊ တန့်ဆည်၊ ဆားလင်းကြီး မြို့နယ်များမှ သံဃာများက စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်များ ပြုလုပ်လာကြသည်။

ဇွန် ၂၃ရက် ချောင်းဦးမြို့နယ်မှ စ၍ ဆက်တိုက်ဆိုသလို ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည် စသည်မြို့နယ်များတွင် ပြုလုပ်လာခြင်းဖြစ်သည်။

စစ်အစိုးရများနှင့် စစ်တပ်အပေါ် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ပြုလုပ်ခဲ့သည် မှာ ၃ကြိမ်ရှိပြီဟု ဆိုရမည်ဖြစ်ပြီး ယခင်က သံဃာတော်များကို ဖမ်းဆီး ရိုက်နှက်မှုကြောင့်ဖြစ်သော်လည်း ယခုတကြိမ်ကမူ ထေရ်ကြီး ဝါကြီးတပါးကို သေနတ်နှင့် ပစ်သတ်ခဲ့၍ ဖြစ်သည်။

ယခုပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းအပေါ် ချောင်းဦးမြို့နယ်မှ ရွှေဝါရောင်ဆရာတော် ဦးဇာနေယျ “မန္တလေး သံဃသမဂ္ဂ ကနေ ပဲခူး ဆရာတော်ကြီး ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာကို အခြေခံပြီးတော့ ဦးပဉ္ဇင်းတို့ ကံဆောင်သပိတ်မှောက် သင့်တယ် ဆိုပြီး ပြုလုပ်ခဲ့ကြ တာပေါ့၊ ပရိယတ္တိပညာရေးမှာ ဆရာတော်ကြီး စာအုပ်တွေ မသင်ဖူးတဲ့ စာသင်သားဆိုတာမရှိဘူး၊ ဒီလိုဖြစ်သွားတဲ့ အတွက်ကြောင့် မခံမရပ်နိုင်လို့ ကံဆောင်သပိတ်မှောက်ကြတာပေါ့။ ပြည်တွင်း ပြည်ပက ညီတော်နောင် တော် တွေလည်း လုပ်သင့်တယ်ဆိုတာသိကြတော့ အားလုံး ပါဝင်လာကြမှာပါ” ဟု မိန့်ကြားသည်။

ထို့ပြင် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက သတ်ဖြတ် ဖမ်းဆီး ထောင်ချ နှိပ်စက်ခံခဲ့ရသည့် သံဃာတော် များ အတွက်ပါ ရည်ရွယ်ကြောင်းလည်း သိရသည်။

ဒီပဲယင်း ကံဆောင်သပိတ်ခေါင်းဆောင်ဆရာတော်က “စစ်ကောင်စီရဲ့ ဘာသာရေးမှိုင်းတိုက်မှုကြောင့် အရိုးစွဲသလို ဖြစ်နေ တဲ့ မဘသအစွဲသန်တဲ့ ပုဂ္ဂိုလ်တွေ အမျိုးသားရေးအစွဲသန်တဲ့ ပုဂ္ဂိုလ်တွေ ဒီအင်အားစုသံဃာတွေကတော့ ပါချင်မှ ပါမယ်၊ ဒီနေ့ အချိန်အခါမှာ စစ်ကောင်စီဟာ သူတို့ အာဏာနဲ့အကျိုးစီးပွားကလွဲရင် ဘာသာသာသနာဆိုတာ သူတို့ တကယ် ယုံကြည် တာမျိုး မဟုတ်ဘူး။ သူတို့အာဏာနဲ့ အကျိုးစီးပွားအတွက် ဘာသာသာသနာကို ချနင်းဖို့ ရဟန်းသံဃာကို သတ်ဖို့ ဝန်မလေး ဘူးဆိုတာကို သံဃာအများစု သဘောပေါက်နေကြပြီဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

ချောင်းဦးမြို့နယ်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ရာ သံဃာတော်အပါး ၂၀ ကျော်နှင့် ဒီပဲယင်းတွင် ကျောင်းတိုက် ၃၀ ကျော်မှ သံဃာတော်အပါး ၃၀ ကျော် ပါဝင်ကာ ဝိနည်းတော်နှင့်အညီ ပြုလုပ်ခဲ့ကြခြင်းဟု သိရသည်။

ချောင်းဦးမြို့နယ်မှ ရွှေဝါရောင် ဆရာတော် ဦးဇာနေယျ က “သူတို့က (စစ်ကောင်စီ) ၂၀၀၇ ရွှေဝါရောင် အရေး အခင်း၊ ၂၀၁၂ လက်ပံတောင်းတောင်အရေးအခင်း ဒီဟာတွေမှာလည်း လိမ်လည်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ သံဃာ ထုအပေါ်မှာ လုပ်တာလေ။ ခေတ်အဆက်ဆက်ကတည်းက လုပ်လာတာ၊ အခုလည်းလုပ်တာ၊ ထေရ်ကြီးဝါကြီးတွေတောင် လုပ်တယ်ဆိုမှတော့ သူတို့က စစ်မိစ္ဆာပေါ့။ ဒါကတော့ သူတို့ ပြင်ဆင်နိုင်စရာ အကြောင်းမရှိတော့ပါဘူး၊ အဲဒါကြောင့်မို့ လည်း စစ်မိစ္ဆာပြုတ်ကျရေး တတ်နိုင်တဲ့ဘက်က ပါဝင်လှုပ်ရှားပေးတာပါ” ဟု မိန့်သည်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရသည့် ဖြစ်စဉ်တွင် မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီး ထုတ်ဖော် မိန့်ကြားမှသာ စစ်ကောင်စီက ဝန်ခံခဲ့သလို ရွှေကျင်နိကာယ ရွှေကျင်သာသနာပိုင် သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဘဒ္ဒန္တဉာဏိဿရက သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ပျောက်ပျက်အောင် နှလုံးသွင်းတော်မူကြရန် ဇွန် ၂၂ ရက်တွင် သံဃာထုအား မိန့်ကြားခဲ့ခြင်းများကြောင့်လည်း ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်များ ပြုလုပ်ရခြင်းဟု သံဃာများက ဆိုသည်။

ဆရာတော် ဦးဇာနေယျက “သီတဂူဆရာတော်ကြီးကတော့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေနဲ့ ပြည့်စုံတဲ့ သက်ကြီး ထေရ်ကြီး ဆရာတော်ကြီးဆိုတော့ သူကတော့ ခွင့်လွှတ်နိုင်တဲ့အတိုင်းအတာရှိတယ်ပေါ့၊ ဦးပဉ္ဇင်းတို့တွေအနေနဲ့ကတော့ ခွင့်လွှတ်စရာအကြောင်း လုံးဝ မရှိဘူး၊ အဲဒါကြောင့်မို့လည်း ဒီကံဆောင်သပိတ်ပြုလုပ်ရခြင်းဖြစ်တယ်၊ ကံဆောင်သပိတ်က တော့ ၂၀၀၇ ရွှေဝါရောင်သပိတ်လည်း ပြန်မလှန်ရသေးဘူး၊ အခုလည်း ဆက်လက်မှောက်ထားတာဆိုတော့ စစ်အာဏာရှင် မကျမရှုံးမခြင်း ဒီသပိတ်ကို လှန်စရာ အကြောင်းမရှိပါဘူး” ဟု မိန့်သည်။

ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်ရန်အတွက် ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊ ကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊ နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊ ဆဲရေးခြင်း၊ ရဟန်း ချင်း ဂိုဏ်းကွဲအောင်ပြုခြင်း၊ ဘုရား၏ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊ တရား၏ ဂုဏ်မဲ့ကို ပြောဆိုခြင်း၊ သံဃာ့ဂုဏ် ကျေးဇူး မဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း စသည့် အင်္ဂါ ၈ ပါးအနက် တပါးပါးဖြင့် ပြည့်စုံသည်ဟု အနည်းဆုံး ရဟန်းတော် ၄ ပါးမှ တညီ တညွတ်တည်း ဆုံးဖြတ်ချက်ချနိုင်လျှင် သပိတ်မှောက်ကံဆောင်မှု အောင်မြင်ကြောင်း ဝိနယပိဋကတ်စူဠဝါပါဠိတော်တွင် ပါရှိသည်။

စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသည့် တောင်ညိုဆရာတော်က “နိုင်ငံရေးစနစ်ကြောင့် ဖြစ်နေတဲ့ အခက်အခဲကာလမှာ ဆရာတော်တပါးအတွက် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း၊ နောက်တမျိုးက ခက်ခဲပြီး ဒုက္ခရောက်နေတဲ့ ပြည်သူအတွက် ကံဆောင်ခြင်းမျိုးပေါ့။ ပတ္တနိက္ကုဇ္ဇန ကံဆောင်တာက ဒုတိယ ရွှေဝါရောင်ဖြစ်လာစေချင်တာလည်း အများ နည်းတူပါပဲ၊ အဲဒီ နောက်ဆက်တွဲဆိုးကျိုးက ဘာသာရေးကို နိုင်ငံရေးအတွက် လက်နက်သဖွယ်အသုံးချပြီးတော့ အကွဲအပြဲ ပိုကြီးလာမှာမျိုး၊ ပြီးတော့ အချင်းချင်းတဖက်နဲ့တဖက် ဘာသာရေးမှာ လက်ညှိုးထိုး အပြစ်တင် ဖြစ်လာမှာကို စိုးရိမ် တယ်” ဟု မိန့်ကြားသည်။

၁၉၉၀ ပြည့်နှစ် ဩဂုတ် ၈ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ၈ လေးလုံးအရေးတော်ပုံ တနှစ်ပြည့် ဆွမ်းလောင်းပွဲ၌ မန္တလေးဈေးချိုအနီးတွင် တန်းစီကြွလာသော သံဃာများကို စစ်တပ်က ရိုက်နှက်မှုကြောင့် သံဃာအပါးရေ ၂ သောင်း ကျော် ပါဝင်ကာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ရာ နိုင်ငံတဝှမ်းလုံးသို့ ပျံ့နှံ့ခဲ့ကြောင်း၊ ၂၀ဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက် တွင် ပခုက္ကူမြို့တွင် ဖြစ်ပွားသော အဓိကရုဏ်း၌ စစ်တပ်က သံဃာ ၂ ပါးအား ဓာတ်တိုင်တွင် ကြိုးချည်၍ ရိုက်နှက် ကန်ကြောက်ခဲ့မှုကို တနိုင်ငံလုံး သံဃာများက လမ်းပေါ်ထွက် ချီတက် မေတ္တာသုတ်ရွတ်ဖတ်ခြင်းပြုလုပ်ကာ ကံဆောင်မှု များ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ကံဆောင်မှုများတွင် ရဟန်းတော်များအား စစ်တပ်က ရေက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့သဖြင့် သွေးမြေကျခဲ့ရမှုများ ရှိခဲ့ပြီး ယခုတကြိမ်၌ သွေးမြေကျမှုနည်းပါးစေရန် လုပ်ဆောင်သွားမည်ဟု သံဃာများက ဆိုသည်။

“၂၀၀၇ ရွှေဝါရောင်တုန်းကလိုတော့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြို့ပြတွေမှာ ဆောင်ရွက်ဖို့ လက်ရှိ အခြေအနေက ခက်ပါတယ်။ စစ်ကောင်စီလို လက်မရွံ့ လူ သတ်သမားတွေအတွက် မလုပ်ရဲတဲ့အလုပ်ဆိုတာမရှိတော့ သံဃာတော်တွေရဲ့ အသက်တွေကို စွန့်လွှတ်ပြီး အရဲစွန့်ပြီး လုပ်ဆောင်တာမျိုး မမျှော်လင့်ဘူး။ အခြေအနေအချိန် အခါ ကိုကြည့်ပြီး သံဃာထုနဲ့ ပြည်သူ သွေးမြေကျရမှု အနည်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားကြမှာ” ဟု ဒီပဲယင်းသပိတ် ခေါင်းဆောင်ဆရာတော်က မိန့်သည်။

ထိုသို့ အခြေအနေများကြောင့် စစ်ကောင်စီထိန်းချုပ်ထားနိုင်ဆဲ မြို့ကြီးများရှိ သံဃာများအနေဖြင့် ထင်ထင်ရှားရှားလုပ် ဆောင်ခြင်းမျိုး မရှိနိုင်သော်လည်း လွတ်မြောက်နယ်မြေနှင့် တော်လှန်ရေးအားကောင်းသော နေရာများတွင် ကံဆောင် သပိတ်များလာနိုင်ကြောင်း၊ သံဃာများညီညွတ်မှုအားဖြင့် လုပ်ဆောင်ကြရန်လိုအပ်သည်ဟုလည်း ဝေဖန်ထောက်ပြမှုများ ရှိသည်။

ဆရာတော် ဦးကောဝိဒ (ဂျာမဏီ) က “ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့အဓိပ္ပာယ်ကတော့ မတရားမှုကို ဆန့်ကျင်တယ်၊ သာသနာ တော်ကို မတရားတဲ့လုပ်ရပ်တွေကို ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် မတရားခံရတဲ့ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြတယ်ဆိုတဲ့အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ ပြည်ပကို ရောက်နေကြတဲ့ သံဃာတွေအနေနဲ့က ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီးသားလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူတွေနဲ့တသားတည်း တိုက်ပွဲဝင်သွားမယ်ဆိုတာ ပြောချင်ပါတယ်”ဟု မိန့်ကြား သည်။

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရခြင်းအပေါ် စစ်ခေါင်းဆောင်၏ တောင်းပန်မှုကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် ဆရာတော်၏ ဈာပန အခမ်းအနားပြုလုပ်ရာ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ လာရောက် ဖတ်ကြား လျှောက်ထားခဲ့သည်။

ထိုသို့ လျှောက်ထားမှုမှာလည်း အစစ်အမှန်တောင်းပန်ခြင်းမျိုးမဟုတ်သည့်အပြင် သာသနာ့အမှတ်အသားမပါ၍ ပစ်ခတ် သည်ဟုလည်း ဆိုထားရာ ဆရာတော်အား အပြစ်ပုံသည့်သဘောမျိုးဖြစ်နေသောကြောင့် ထိုသို့ တောင်းပန်ခြင်းမျိုးကြောင့် ယခုပြုလုပ်နေသည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ပျက်ပျယ်ခြင်းမရှိနိုင်ဟု ဆရာတော် ဦးကောဝိဒ(ဂျာမဏီ) က မိန့်ကြားသည်။

ယခုအခါ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းမှာ ထိရောက်မှု ရှိပြီး ကံဆောင်သပိတ်တွင် ပါဝင်ရန် ဆက်သွယ်လာမှုများလည်း ရှိလာသလို စစ်ကောင်စီစိုးမိုးထာဆဲဒေသများမှ သံဃာများမှာလည်း ပါဝင်လာမှုရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *