စစ်ဆင်ရေး ၂ ရက်အတွင်း စစ်ကောင်စီစခန်း ၂၄ ခု TNLA သိမ်း

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်များတွင် တိုက်ခိုက်နေသည့် နှစ်ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စခန်း ၂၄ခု သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပန်း ၁၇ဦး ဖမ်းမိထားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု TNLA က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်မှ ခြေမြန်တပ်ရင်း ခမရ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အားသိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားအလောင်း ၂၀ ရရှိခဲ့ပြီး လက်နက်ချအလင်းဝင်သည့် ၁၇ဦးဖမ်းမိကြောင်းဓာတ်ပုံမှတ်တမ်းများနှင့်အတူဖော်ပြထားသည်။ ကျောက်မဲမြို့အခြေစိုက် စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။လက်နက်မျိုးစုံ ၅၁ လက်၊ RPG – 7 တလက်၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာအပါအဝင်စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း TNLA ကထုတ်ပြန်ထားသည်။

ယခုတကြိမ်စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး၏ အပိုင်း(၂)ဟုTNLA က ဖော်ပြထားသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် သုံးခုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့မှ စစ်ကောင်စီစခန်းများကို TNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ညပိုင်းတွင် ကျောက်မဲမြို့၌ပစ်ခတ်သံများငြိမ်သက်နေသော်လည်း နောင်ချိုနှင့်မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီကလေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံများထံမှသတင်းရရှိသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *