ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်နှစ်ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနဲ့ မိသားစုဝင်နှစ်ဦးကို ဇွန်လ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ လက်နက်ကိုင်တချို့က နေအိမ်အထိ လာရောက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၂ ဝန်းကျင် ဦးအောင်ဆန်းဦး၊ သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုညီညီလင်းနဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မခင်မြတ်မြတ်ဦးတို့ ဖြစ်ပါတယ်။

အမည်မသိလူတစ်ချို့ဟာ ဦးအောင်ဆန်းဦးရဲ့ နေအိမ်အထိ ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သားအဖ သုံးယောက် အသတ်ခံလိုက်ရတာဗျ။ သူက လူကြီးလုပ်ချင်လို့ကို တက်လုပ်တာ။ ရွာမှာ နာမည်ထွက်နေတာ ကြာပြီဗျ”

သေဆုံးသူတွေကို စစ်ကောင်စီက ညောင်ဦးမြို့ကို သယ်ဆောင်သွားပြီး ဇွန်လ၂၅ ရက်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ရှစ်ဦးက ဆိုင်ကယ်ငါးစီးနဲ့ ဝင်ရောက်ပစ်သတ်သွားတာလို့ ဆိုပါတယ်။

လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး လေးလအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦး အသတ်ခံထားရပါတယ်။

မန္တလေးတိုင်း၊ ​ညောင်ဦးမြို့နယ်၊ အ​နောက်အုံရွာအုပ်စု၊ ​ချောင်းရှည်ရွာ အဝင်တစ်​နေရာအား ၂၀၂၃ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်​နေ့က ​တွေ့ရစဉ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top