ပစ်သတ်ခဲ့သူများကိုအရေးမယူဘဲ ကန်သုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းကိုအပြစ်ဖို့ရန်စီစဉ်နေ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူရသည့်ဖြစ်စဉ်တွင် ပစ်သတ်ခဲ့သည့် စစ်သားများတွင် အပြစ်မရှိဘဲ ကန်သုံးဆင့်ဆရာတော်နှင့် ကားဆရာတို့သာ မှားယွင်းကြောင်း၊ ဆရာတော်ကြီးများနှင့် ကားဆရာသည် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သူတို့ ဖြစ်နိုင်ကြောင်း၊ အသွင်ပြောင်းမဘသများနှင့် စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်နေကြသည်။

“ဆရာတော်တွေရော ကားမောင်းသမားရော အကုန်လုံးက PDF ထောက်ခံနေတဲ့သူတွေဖြစ်နေလို့လား၊ ဒါမှမဟုတ် PDF တွေနဲ့ တစ်ခုခုအဆက်အသွယ်ရှိထားလို့လား၊ အဆက်အသွယ်ရှိပြီးတော့ အချင်းချင်း ဆက်သွယ်ပြီးတော့ တစ်ခုခုလုပ်ထားဖို့ လက်ဝါးရိုက်ထားတာရှိလို့လား။ ကျနော်တို့ မေးစရာမေးခွန်းတွေရှိတယ်” ဟု စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် နေပြည်တော်အခြေစိုက် NP News သတင်းဌာနကို တည်ထောင်သူ ကိုကျော်မျိုးမင်းကပြောသည်။

အလားတူ မဘသအဖြစ်မှ အသွင်ပြောင်းလာသည့် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတေဇဝန္တကလည်း

“ အောက်ခြေတပ်မတော်သားတွေကို အရေးမယူစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုရမှာဖြစ်တဲ့အတွက် ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုငြိမ်းချမ်းမှာဖြစ်တဲ့ အတွက် အောက်ခြေတပ်မတော်သားတွေမှာ ဘာအပြစ်မှမရှိဘူး” ဟု ဆိုသည်။

ပဲခူးဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ ပျံတော်မူရသည့် ဖြစ်စဉ်ကို လိမ်လည်ပြီး သတင်းထုတ်ပြန်ခဲ့သည့် စစ်တပ်သည် ဖြစ်စဉ်အမှန်ကို ထုတ်ပြောသည့် ကန်သုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းကို အပြစ်ဖို့ရန် ကြံစည်နေကြခြင်း ဖြစ်သည်။

ဆရာတော်ကြီး၏ ဈာပနကို မနက်ဖြန်(ဇွန် ၂၇)တွင် ပဲခူးမြို့၌ ကျင်းပသွားရန် ရှိနေပြီး၊ ဆရာတော်ကြီး ပျံတော်မူရခြင်းနှင့်ပတ်သက်၍ သံဃာတော်အချို့က စစ်တပ်ကို သပိတ်မှောက် ကံဆောင်နေကြသည်။

၂၀၀၇ခုနှစ်၊ ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင် ထင်ရှားသည့် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကလည်း ဆရာတော်ကြီးသည် လက်လွတ်စပယ် ပစ်သတ်ခံရခြင်းကြောင့် မေ့ဖျောက်လို့မရကြောင်းနှင့် သံဃာထုများအနေဖြင့် တုံ့ပြန်သင့်ကြောင်း ပြောသည်။

ပဲခူးအတွင်းသတင်း

ကန်သုံးဆင့် ဆရာတော်ကြီးကို ဈာပနသဘင် အခမ်းအနားအချိန် အတွင်း ပဲခူးမှာ ရှိမနေရန် စကစ မှ ဖိအားပေး ပိတ်ပင်နေ၊

ဆင်ဖြူကွင်းမှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်လျှင် အင်အားသုံး ဖြိုခွင်းဖို့ စကစ မှ ညွှန်ကြားထား၊

လိုအပ်ပါက လောင်တိုက်တော်ရှိရာ ဆင်ဖြူကွင်း အနီးတဝိုက် အင်တာနက် ဖြတ်တောက်ရန် အစီအစဉ်ရှိနေ၊

ကြာသပတေးနေ့ ညပိုင်း ပဲခူးမြို့အား အရေးပေါ် လျှပ်စစ်မီး နှင့် ဖုန်းလိုင်း ဖြတ်တောက်ရန် အသင့်စီစဉ်ထား၊

မြန်မာပြည်အနှံ့ စာသင်တိုက်ကြီးတွေရှိ စာဝါပို့ချနေတဲ့ ပဲခူးအဆက်အနွယ် သံဃာတော်များ စာရင်းကောက်ယူကာ လိုက်လံ စောင့်ကြည့်လျှက်ရှိ၊


Comments

Leave a Reply

Your email address will not be published. Required fields are marked *