ကျောက်မဲ မြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ

ကျောက်မဲမြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ၊ အမှတ် ၃၅၂ အမြောက် တပ်နှင့် စခန်းသာကုန်းတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲမြို့မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီမနက်မှာ ကျောက်မဲမြို့မရဲစခန်းကို ဝင်တိုက်တာမှာ စခန်းမှူးအရှင်မိတယ်လို့ သိရတယ်။ စစ်တပ်ဘက်က သေဆုံးသူတွေလည်းရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ကျောက်မဲမြိုရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် ၃၅၂ အ မြောက် တပ်ရင်းနှင့် စခန်းသာတို့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း၊ ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ကျောက်မဲမြို စခန်းသာကုန်းတွင်လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ် ၃၅၂ အမြောက်ကုန်းတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ၊ ဒေါ်နန်းကြည်တောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က နံနက် ၉ နာရီ ၂၀ မိနစ်အချိန် တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချသွားကြောင်း သိရှိရသည်။

“အခု တိုက်ပွဲဖြစ်နေတာက မိုးကုတ်အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ကို ဗဟိုပြုပြီး ဖြစ်နေတာ။ မနက်အစောပိုင်းကတည်းက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ နံနက် ၉ နာရီ ၂၀ မှာ တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးလာကျဲသွားတယ်။ မြေကြီးတွေတောင် တုန်တယ်” ဟု မိုးကုတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA တပ်များအကြား မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါမြို့တို့တွင် ယမန်နေ့ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ ပြန်လည်​ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ယမန်နေ့ တိုက်ပွဲတွင် သေဆုံးနေကြသည့် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top