၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်များတွင် တိုက်ခိုက်နေသည့် နှစ်ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စခန်း ၂၄ခု သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပန်း ၁၇ဦး ဖမ်းမိထားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။
ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု TNLA က ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်မှ ခြေမြန်တပ်ရင်း ခမရ (၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။မိုးကုတ်မြို့နယ်တွင် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အားသိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။
တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားအလောင်း ၂၀ ရရှိခဲ့ပြီး လက်နက်ချအလင်းဝင်သည့် ၁၇ဦးဖမ်းမိကြောင်းဓာတ်ပုံမှတ်တမ်းများနှင့်အတူဖော်ပြထားသည်။ ကျောက်မဲမြို့အခြေစိုက် စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။လက်နက်မျိုးစုံ ၅၁ လက်၊ RPG – 7 တလက်၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာအပါအဝင်စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း TNLA ကထုတ်ပြန်ထားသည်။
ယခုတကြိမ်စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး၏ အပိုင်း(၂)ဟုTNLA က ဖော်ပြထားသည်။ ယမန်နေ့ ဇွန်လ ၂၅ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် သုံးခုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့မှ စစ်ကောင်စီစခန်းများကို TNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ညပိုင်းတွင် ကျောက်မဲမြို့၌ပစ်ခတ်သံများငြိမ်သက်နေသော်လည်း နောင်ချိုနှင့်မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီကလေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
Leave a Reply