ပဲခူး ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှု ကုလသမဂ္ဂအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တင်ပြ

စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ် အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထွေထွေညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။

ပစ်သတ်ခံရသည့်ဆရာတော်မှာ ပြည်သူလူထုကြား၌ ဂုဏ်သတင်းကြီးမားသည့်ဆရာတော်ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် အခြားဆရာတော်တပါးနှင့် ယာဉ်မောင်းတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီက သတင်း ထုတ်ပြန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့သည်ဟု လိမ်လည်သတင်းထုတ်ပြန်ခဲ့ ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းသည့် ၂၀၂၃ ခုနှစ်အတွက် လုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the Security Council for 2023)နှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးမှုတွင် ဦးကျော်မိုးထွန်းက ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူဆရာတော်ကြီးက ၎င်းအနေဖြင့် စစ်ကောင်စီတပ်၏စစ်ဆေးမေးမြန်းမှုများကို အကြိမ်ကြိမ် ခံခဲ့ရကြောင်း၊ စစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းတို့လိုက်ပါစီးနင်းလာသည့်မော်တော်ယာဉ်အား ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် အများပြည်သူရှေ့မှောက်၌ အမှန်အတိုင်းဖွင့်ဆိုမိန့်ကြားခဲ့‌ ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

ဆရာတော်ကြီးမှ မှန်ရာကိုမိန့်ကြားသဖြင့် စစ်ကောင်စီက ၎င်းတို့၏စစ်သားများ ဆရာတော်ဘုရားကြီးတို့ လိုက်ပါစီးနင်းခဲ့သည့် မော်တော်ယာဉ်ကိုပစ်ခတ်ခဲ့‌ကြောင်းဝန်ခံသည့် ကြေညာချက်တစောင် ထပ်မံထုတ် ပြန်ခဲ့ကြောင်း၊ ယခုဖြစ်စဉ်ကို လေ့လာမည်ဆိုပါက အသက်ရှင်ကျန်ရစ်သူယာဉ်မောင်းအား စစ်ကောင်စီ က အတင်းအကျပ်ဖိအားပေး၍ အရပ်သားပြည်သူများကို ဖိနှိပ်ရန်နှင့် အမှန်တရားကိုဖုံးကွယ်ရန် ကြိုးစား လေ့ရှိသည်ကိုမြင်တွေ့ရကြောင်း UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက ဆက်‌ပြောသည်။

ထို့ပြင် စစ်ကောင်စီက မြန်မာသံရုံးများနှင့် သတင်းမီဒီယာများမှ တဆင့်၎င်းတို့ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားများဖြန့်ဝေ၍ နိုင်ငံတကာအသိုင်းအဝိုင်းအား ပြည်သူများနှင့်တော်လှန်ရေးအဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန်လုပ်ဆောင်‌နေ၍ သတိထားကြရန် ဦးကျော်မိုးထွန်းက ‌ပြောသည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီးလိုက်ပါလာသည့် မော်‌တော်ယာဉ်ကို စစ်ကောင်စီတပ်က ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ‌ကျော်တွင် ပစ်ခတ်‌ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းကိုယ်စား သာသနာရေးဝန်ကြီးကို စေလွှတ်ကာ သံဃာတော်များကို တောင်းပန်ကြောင်း လျှောက်ထားခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *