ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ပစ်သတ်ခံရခြင်းသည် ကားပေါ်တွင် ပါလာသည့် ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းသူ၏အမှားဖြစ်သည်ဟု စစ်ကောင်စီတပ် ထောက်ခံသူများက ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် အပြစ်ဖို့ထားသည်။
ထိုသို့ အပြစ်ဖို့သူများထဲတွင် စစ်ကောင်စီကို ထောက်ခံသည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတေဇဝန္တလည်း ပါဝင်သည်။
“ဆရာတော်ကြီးဘက်က မှားတာက အိမ်စီးကားနဲ့ သွားပြီး မှန်အလုံပိတ် မောင်းခိုင်းတာကတော့ ကံသုံးဆင့်ဆရာတော်ကြီး လုံးဝမှားတယ်ဗျ” ဟု သူက ဆိုသည်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် Myanmar National Post သတင်းဌာနမှ နောင်တော်လေးဆိုသူနှင့် အင်တာဗျူးတွင် ဦးတေဇဝန္တက ပြောလိုက်ခြင်းဖြစ်သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသည် ကန်သုံးဆင့်ဆရာတော်၏ဇာတိ ငါန်းဇွန်မြို့နယ် ပန်းချီ-ကမ္မရွာသို့ ကြွရောက်ပြီး အပြန်လမ်းတွင် စစ်တပ်၏ပစ်ခတ်ခြင်းခံရကာ အရှင်မုနိန္ဒာဘိဝံ ပျံလွန်သွားခြင်းဖြစ်သည်။
ကန်သုံးဆင့်ဆရာတော်သည် ဒေသလုံခြုံရေးအခြေအနေကို သိရှိပါလျက် ထိုနယ်သို့ ပင့်သွားသည်၊ ကားသမားသည်လည်း ကားမှန်မချဘဲ မောင်းခြင်း၊ စစ်တပ်က တားသည့်အခါ ရပ်မပေးခြင်းတို့ကြောင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဦးတေဇဝန္တက အပြစ်တင်သည်။
“ကံသုံးဆင့်ဆရာတော်ကြီး ပညာရှိသတိဖြစ်ခဲဖြစ်လို့ တန်ဖိုးဖြတ်မရနိုင်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဝဆုံးရှုံးသွားရတယ်ဗျာ။ ကံသုံးဆင့်ဆရာတော်ကြီးမှာတော့ အားနည်းချက်ပေါ့။ အဓိကတော့ နိုင်ငံရေးဗဟုသုတ၊ ဒေသန္တရဗဟုသုတ သူ့ဒေသဖြစ်လျက်သားနဲ့ သူ့မှာ အားနည်းတယ်လို့ ဦးဇင်းခံစားမိပါတယ်” ဟု သူက ဆိုသည်။
ဆရာတော် ၂ ပါး လိုက်ပါလာသည့် ကားကိုပစ်ခတ်သော စစ်ကောင်စီ လက်နက်ကိုင်များ အပြစ်ကင်းသည်ဟုလည်း သူက ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အောက်ခြေတပ်မတော်သားတွေကို အရေးမယူစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုရမှာဖြစ်တဲ့အတွက် ဒီနယ်မြေကို ဒီလိုလုပ်မှ ဒီလိုငြိမ်းချမ်းမှာဖြစ်တဲ့အတွက် အောက်ခြေတပ်မတော်သားတွေမှာ ဘာအပြစ်မှမရှိဘူး”
ထိုသမဂ္ဂသည် ဘုရားပွဲများတွင် အခြားဘာသာဝင်များကို စျေးရောင်းခွင့်မပြုရန် လှုံ့ဆော်ကြသည့် ဘုန်းကြီးများ ဦးဆောင်ကြသည်။ ထိုသမဂ္ဂတွင် မဘသ ခေါ် အမျိုးဘာသာသာသနာစောင့်ရေးအဖွဲ့ဝင်များလည်း ပါဝင်သည်။
မဘသအဖွဲ့သည် မြန်မာအမျိုးသမီးများ ကိုးကွယ်သည့်ဘာသာ မတူသူနှင့် လက်ထပ်ခြင်းကို တားမြစ်သည့် ဥပဒေအပါအဝင် အမျိုးစောင့်ဥပဒေ ၄ မျိုးပြဋ္ဌာန်းရန် လှုံ့ဆော်ခဲ့သည်။
မဘသအများစုပါဝင်သည့် ထိုသမဂ္ဂသည် ဝင်းနိမ္မိတာရုံဆရာတော်ကို PDF များ ပစ်ခတ်ခဲ့သည်ဟု ဇွန် ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ယခုအခါ ကန်သုံးဆင့်ဆရာတော်နှင့် ကားဆရာအမှားကြောင့် စစ်တပ်က ပစ်သတ်ခြင်းဖြစ်သည်ဟု အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ထိုဘုန်းကြီးက ပြောလာခြင်းဖြစ်သည်။
စစ်ကောင်စီဘက်တော်သား ကျော်မျိုးမင်းဆိုသူကလည်း ငါန်းဇွန်မြို့နယ်အတွင်း ဖြစ်ရပ်သည် ပစ်ခတ်ခံရသူတို့၏ ပေါ့လျော့ခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း ဇွန်လ ၂၄ ရက်တွင် ပြောသည်။
“ပေါ့လျော့မှုဟာ ကားသမားနဲ့ ဆရာတော် ၂ ပါးပေါ့လျော့မှုမှာ တာဝန်ရှိတယ်။ သူတို့မှာ ပေါ့လျော့မှု ဖြစ်သွားတယ်။ ကိုယ့်အပြစ်ကို ပေါ့လျော့စေချင်တဲ့အခါ တခြားသူအပြစ်ကို လက်ညှိုးထိုးနေကြပြီလားဆိုတဲ့ မေးခွန်း။ ကံသုံးဆင့်ဆရာတော်ကိုယ်တိုင်ကရော နိုင်ငံရေးအရောင် ရှင်းရှင်းလင်းလင်း ကင်းကင်းရှင်းရှင်း ရှိပါရဲ့လား” ဟု ကျော်မျိုးမင်းက မေးခွန်းထုတ်သည်။
“ဆရာတော် ၂ ပါးနှင့် ကားသမားသည် PDF ထောက်ခံသူများဖြစ်နေပြီလား” ဟုလည်း သူက ဆက်မေးသည်။
ဆရာတော် ၂ ပါးစီးလာသည့် ကားသည် ဇွန် ၁၉ ရက်နံနက်ပိုင်း ၁၀ နာရီ ကျော်တွင် ပစ်ခတ်ခံရသည်။
ပစ်ခတ်ခံရစဉ် မော်တော်ယာဉ်ပေါ်တွင် အတူရှိခဲ့သည့် ကန်သုံးဆင့်ကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသကမူ ကားကို FAW ကားပေါ်မှ လက်နက်ကိုင်တို့က သေနတ်ဖြင့် ၇ ချက်၊ ၈ ချက်ပစ်ခဲ့ကြောင်း ဇွန်လ ၂၀ ရက်နေ့က ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ရှိ သံဃာ့ပရိသတ်အလယ်တွင် မိန့်ဆိုခဲ့သည်။
ဝင်းနိမ္မိတာရုံဆရာတော်နှင့် ကန်သုံးဆင့်ဆရာတော်တို့သည် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်မှုဆောင် အပါး ၂၀ တွင် ပါဝင်သည့် ဆရာတော်များဖြစ်သည်၊ မန္တလေးမြို့တွင် ကျင်းပမည့် ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရန် ကြွစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ရွှေကျင်ဂိုဏ်းသည် မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံး သံဃာ့ဂိုဏ်းတစ်ခုဖြစ်သည်။ ဂိုဏ်း၏ လက်ရှိသာသနာပိုင် သီတဂူဆရာတော်သည် ဝင်းနိမ္မိတာရုံဆရာတော်ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ သည်းခံရန် သံဃာများကို ပြောဆိုထားသည်။
ယနေ့ကာလတွင် စည်းလုံးညီညွတ်မှု အရေးကြီးနေရာ စစ်ကောင်စီနှင့် သံဃာများ “လက်တွဲ” ရမည့်အချိန်ဖြစ်သည်ဟု သီတဂူဆရာတော်က ဇွန် ၂၂ ရက်နေ့က ပြောသည်။
ဆရာတော် ၂ ပါးစီးလာသည့်ကား ပစ်ခတ်ခံရမှုသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလက်ချက်ဟု စစ်ကောင်စီဘက်က ကနဦးသတင်းထုတ်ပြန်ခဲ့သည်။
“ပစ်ခတ်မှုကြောင့် ဖြစ်စဉ်နေရာမှ မီတာ ၂၅၀ ခန့်တွင် လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ကန်သုံးဆင့်ဆရာတော်၏ အတွေ့အကြုံ ပြန်ရှင်းပြသည့် ရုပ်သံဖိုင် အွန်လိုင်းတွင် ပျံ့နှံ့လာသောအခါမှသာ စစ်ကောင်စီဘက်က ယင်းလက်အောက်ခံတပ်သားများ ပစ်ခတ်ခဲ့ကြောင်း ဝန်ခံလာသည်။
ထို့နောက် စစ်ခေါင်းဆောင်က ၎င်းတို့၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်ကို ဇွန်လ ၂၄ ရက်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ စေလွှတ်၍ တောင်းပန်စေခဲ့သည်။ ထိုတောင်းပန်မှုကို စစ်တပ်ထိန်းချုပ်ထားသည့် မီဒီယာများ၊ သတင်းစာများတွင် မဖော်ပြခဲ့ပေ။
တောင်းပန်ကြောင်း ထိုသို့ ကိုယ်စားလှယ်လွှတ်ပြီး ပြောဆိုစဉ် ထိုကျောင်းတိုက်ရှိ ဆရာတော်ကြီးတစ်ပါးက ဆရာတော်ပျံလွန်တော်မူသည့်အတွက် ဝမ်းနည်းကြေကွဲရသော်လည်း ထိုဖြစ်ရပ်ကို မေ့ပျောက်၍ ရမည်မဟုတ်ဟု မိန့်ကြားခဲ့သည်။
စစ်တပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး အရပ်သားများ၊ ဆန့်ကျင်သူဟု ယူဆရသူများကို ဖမ်းဆီး၊ သတ်ဖြတ်နေခြင်းကြောင့် ၅၃၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဇွန် ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ထိုအသင်းက ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှားယွင်းနေသည်ဟု တုံ့ပြန်ဖူးသည်။
Leave a Reply