ပြင်ဦးလွင် ဝက်ဝံဂိတ်အနီး တိုက်ပွဲပြင်းထန်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အဝင် ဝက်ဝံစစ်ဆေးရေးဂိတ်အနီး TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ညတွင် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ဝက်ဝံစစ်ဆေးရေးဂိတ်အနီးမှ သေနတ်သံများ ဆက်တိုက်ကြားနေရပြီး ပြင်ဦးလွင်မြို့အထွက် ဧကတစ်သောင်းခြံမှ လက်နက်ကြီး ၄ လုံးလည်း လှမ်းပစ်ခတ်ကြောင်း ဝက်ဝံကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“မိုးခြိမ်းလိုက်သလို အသံကြီးတွေနဲ့ (လက်နက်ကြီး) တစ်လုံးပြီးတစ်လုံး လှမ်းထုတာ။ ကြောက်စရာ အတော်ကောင်းတယ်” ဟု ၎င်းက ပြောသည်။

ဝက်ဝံစစ်ဆေးရေးဂိတ်သည် တအာင်းတပ် TNLA နှင့် မဟာမိတ်များ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်ထားသည့် နောင်ချိုမြို့နှင့် ပြင်ဦးလွင်အကြားတွင် တည်ရှိသည်။

ဝက်ဝံစစ်ဆေးရေးဂိတ်နှင့် DSA အပါအဝင် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင်းသည် ကားလမ်းခရီးဖြင့် နာရီဝက်ခန့်သာ ကွာဝေးသည်။

ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်နှင့် နောင်ချိုမြို့ ဘန့်ဘွေးကျေးရွာတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ ပြင်ဦးလွင်မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

ထို့အတူ နောင်ချိုနှင့် ပြင်ဦးလွင်ကြားမှ ကျေးရွာများဖြစ်သည့် ပါအယ်၊ ထုံးကုန်း၊ ထုံးဘို စသည့်ကျေးရွာများမှ ဒေသခံများလည်း စစ်ပွဲအရှိန်တက်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မြေကျင်းတွေ တူးထားတယ်။ သတိနဲ့ နေနေရတယ်။ အရေးပေါ်ဆို ကျင်းထဲ ပုန်းရမှာပဲ။ လောလောဆယ်မှာ အဝေးကို မရှောင်နိုင်သေးဘူး” ဟု ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့အတွင်း မြို့ခံများ သွားလာမှုရှိနေသေးပြီး အချို့လည်း စစ်ရှောင်ထွက်ပြေးနေကြသည်၊ မြို့ပြင်ရွာများ၌ ဈေးဆိုင်များလည်း ပိတ်ကာ ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု သိရသည်။

မန္တလေး-ပြင်ဦးလွင်လမ်းပေါ်တွင် ရှိသော အနီးစခန်းလေဆိပ်တွင်လည်း ယမန်နေ့ ညမှ စတင်ကာ လေယာဉ်အတက်အဆင်း များပြားနေပြီး၊ မန္တလေးမြို့မှ စက်သေနတ်တပ်ဆင်ထားသည့် စစ်ကားအသေး ၁ စီးနှင့် စစ်ကားအကြီး ၂ စီးတို့လည်း ပြင်ဦးလွင်သို့ တက်သွားကြောင်း မန္တလေးဒေသခံများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *