အညာသူမကြီး ပြောပြသည့် အညာ

အညာဆိုသည်မှာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ပတ်လည်တွင် မြန်မာဘိုးဘွားများ အခြေချ နေထိုင်ခဲ့ကြရာဒေသ ဖြစ်သည်။ ယေဘုယျအားဖြင့် မြေပြန့်လွင်ပြင်ဟု ဆိုကြသော်လည်း လျှို၊ မြောင်၊ ချပ်၊ ကမူများဖြင့် ရောပြွန်းနေသည့် ဒေသဖြစ်သကဲ့သို့ ထူထဲသော တောအုပ်များနှင့် ဆက်စပ်နေသည့်ဒေသ ဖြစ်သည်။

အညာဟုဆိုလျှင် မန်ကျည်း၊ ထနောင်း၊ တမာနံ့တို့ဖြင့် ထုံသင်းနေခြင်း၊ ထန်းပင်ကျရည် ပုစွန်ဆိတ်ခုန်၊ ပုဂံဘုရားများ၊ မန္တလေးမင်း နေပြည်တော်တို့သည် ကဗျာသမား စာသမားတို့ စိတ်ကြိုက်ဖွဲ့ဆို‌လေ့ရှိကြသည့် အကြောင်းအရာများ ဖြစ်ကြ၏။ ထို့အတူ အညာသည် မင်းနေပြည်တော်အများစု တည်ရှိခဲ့ပြီး မြန်မာသမိုင်းကို မော်ကွန်းရေးထိုးခဲ့ကြသည့် ဒေသအဖြစ်လည်း ဖွဲ့ဆိုလေ့ရှိကြ၏။

ယခုတော့ အညာအရပ်ကို ဖွဲ့ဆိုလျှင် မီးလောင်မြေ တစပြင်ကို အရင်ဆုံး ဖွဲ့ဆိုရပေလိမ့်မည်။ ရွာပေါင်းများစွာ၊ အိမ်ပေါင်းများစွာ၊ ဘုန်း‌တော်ကြီးကျောင်းများနှင့် ဘာသာရေးအဆောက်အုံများစွာ မီးလောင်ပြာကျနေသည့် တစပြင်ကို ဖွဲ့ဆိုရပေလိမ့်မည်။ မန်ကျည်း၊ ထနောင်း၊ တမာ စသည့် အညာရနံ့တို့နေရာတွင် မီးသင်းနံ့များကို ဖွဲ့ဆိုရပေမည်။

ဘီလူးသရဲစီးသလို ရွာစဉ်ပတ် လုယက်ပြီး မီးရှို့နေသော စစ်ကောင်စီတပ်များ၊ ရွာသားများအား အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် အညာအတွက် ဖျက်မရတော့သည့် အမှတ်လက္ခဏာ ဖြစ်သွားချေပြီ။ ‌

မထင်မှတ်ဘဲ နေ့နေ့ညည ကောင်းကင်ယံမှ ရောက်လာတတ်သည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ၏ ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲတိုက်မှုများနှင့်အတူ အညာသူအညာသားများ အစုအလိုက်အပြုံလိုက် သေဆုံးမှုများသည် အညာအတွက် အိပ်ယာဝင်ပုံပြင်များ မဟုတ်ပေ။ အင်ဂျင်စက်သံကြားရလျှင် စိုးရိမ်ထိတ်လန့်မှု ရှိနေသော ကလေးငယ်တို့၏ သနားစဖွယ် ဖြစ်ရပ်များသည် လက်ရှိ အညာ၏ပုံရိပ် ဖြစ်သည်။ အညာ၏သမိုင်း ဖြစ်သည်။ အညာအတွက် ကမ္ဗည်းထိုးရမည် မော်ကွန်းများ ဖြစ်သွားပေပြီ။

ဤသို့ဖြစ်ရပ်များကို အညာဒေသတွင် ကြုံနေရသည်မှာ သုံးနှစ်ခွဲခန့် ရှိခဲ့ပြီဖြစ်သည်။ စစ်ကောင်စီသည် အညာကို အထင်သေးခဲ့၏။ ၂၀၂၁ ခုနှစ်အတွင်းက ခြောက်လအတွင်း အညာကို ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့၏။

ရလဒ်က သူထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်သည်။ သို့နှင့် ကြမ်းပြသည်။ ရက်ရက်စက်စက် လုပ်ပြ၏။ အညာသားတွေ တယောက်မှ မရှိလည်း မြန်မာပြည်ကို အုပ်ချုပ်၍ရ၏ဟု ဆိုလာသည်။ အညာကို အကြောက်တရားနှင့် ကိုင်တွယ်နိုင်ရန် ပို၍ရက်စက်စွာ ဖိနှိပ်ရမ်းကားလာခဲ့၏။ ပြားပြားဝပ် နှိပ်ကွပ်ရန် ကြံစည်လာခဲ့၏။

အညာသည် စစ်ကောင်စီ၏ ဖိနှိပ်မှုအောက်တွင် ပြားပြားဝပ်မသွားပေ။

နာကျင်မှုများစွာနှင့် ရုန်းကန်ခဲ့သည်။ အညာသည် ဦးညွတ် ဒူးထောက်မသွားခဲ့ပေ။ အမျိုး၊ ဘာသာ၊ သာသနာနှင့် လူထုကို စည်းရုံးလှုံ့ဆော် ခေါင်းဆောင်လိုသည့် စစ်တပ်သည် မြန်မာတို့၏ ဗဟိုချက်မဖြစ်သည့် အညာကို နင်းချေရန် ကြိုးပမ်းနေသည်ဖြစ်ရာ မြန်မာစစ်တပ်၏ ကြွေးကြော်သံသည် အညာ မပါ၍ ကျောရိုးမဲ့နေ၏။ အညာ မပါဘဲ အမျိုး၊ ဘာသာသနာကို စစ်တပ်က မောင်းတင်၍ မရနိုင်ပေ။

လူထုက ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားလူမျိုးများဘက်မှ တခဲနက် အားပေးထောက်ခံနေသည်ကို မြင်တွေ့နေရ၏။ စစ်တပ်၏ အမျိုးသားရေးဝါဒသည် ခေါင်းမထောင်နိုင်။ လူထု၏ ထောက်ခံမှုကို ရယူနိုင်ခြင်း မရှိ‌ပေ။ အဓိက အကြောင်းအချက်မှာ မြန်မာအမျိုးသားရေးဝါဒ၏ ဗဟိုချက်ဖြစ်သည့် အညာကို နင်းချေခဲ့သည့် အကျိုးဆက်ကြောင့် ဖြစ်သည်။

ဤသို့သော အခြေအနေအောက်တွင် အညာသည် ကြေမွနေပြီလော၊ အညာသည် ခံနိုင်ရည် မရှိတော့ပြီလော စဉ်းစားဖွယ်ရာ ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ နိုင်ငံရေးသမားများကြားတွင် ရပ်တည်ချက်၊ အမြင်မတူသည့်အောက်တွင် ကွဲလွဲမှုရှိသည်။

စစ်ကောင်စီကို ဆန့်ကျင်ကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများနှင့် မထောက်ခံသူများကြားတွင် ကွဲလွဲမှုကို တွေ့ရ၏။ ဤသို့ ဖြစ်နေကြခြင်းသည် အမြင်မတူခြင်း သက်သက်ကြောင့်သာ မဟုတ်ဘဲ လူထု၏ ကိုယ်စားပြုမှုကို ရယူလိုကြသည့် ပြဿနာကြောင့်လည်း ဖြစ်ပုံရသည်။

သာမန်အညာ‌ဒေသမှ အညာသူ အညာသားများ၏ အမြင်ကတော့ ထိုသူတို့ထက် ရိုးရှင်း၏။ သူတို့၏ အမြင်များတွင် နိုင်ငံရေးစကားလုံးများ မပါဝင်ကြသော်လည်း သူတို့၏ လောကအမြင်ကို အညာသူ အညာသားများ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ကြ၏။ ထို့အတူ သူတို့၏ ဘဝ၊ သူတို့အမြင်ကိုလည်း ရိုးရှင်းစွာ ပြောဆိုနိုင်ကြ၏။

များမကြာမီက မြို့ပြသို့ တက်လာပြီး ဆေးလာကုသူ အညာသူ အမျိုးသမီးကြီးတယောက်ကို ဆေးကုသပေးသူ ဆရာဝန်က သူတို့ဒေသ အခြေအနေအား မေးမြန်းကြည့်ရာ ပွင့်လင်းစွာ ပြန်လည်ပြောဆိုသော သူ၏ စကားများထဲတွင် NUG မပါ၊ NLD မပါ၊ စစ်ကိုင်းဖိုရမ် မပါပါ။ သို့သော် သူတို့၏ ဘဝနှင့် ဘဝအမြင်၊ အညာ အခြေအနေကို ရိုးစင်းစွာ မြင်နိုင်ပါသည်။ သူတို့၏ လက်တွေ့နိုင်ငံရေးဘဝကို မြင်နိုင်ပါသည်။

ဝက်လက်မြို့နှင့် တမိုင်အကွာရွာက အညာသူ အမျိုးသမီးကြီးတယောက်နှင့် စကားပြောရသူ ဆရာဝန်တဦးက သူ့ထံမှ သိရသည့်အချက်များကို အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရ၏။

အညာသူမကြီးက ဆရာဝန်၏ မေးမြန်းချက် (စပ်စုသည်ဟုလည်း ဆိုနိုင်သည်) အား အောက်ပါအတိုင်း ပြန်လည် ဖြေဆိုသည်ကို တွေ့ရ၏။

“ကျမတို့ရွာကမြို့နဲ့ တမိုင်ပဲဝေးတယ်၊ နွားကျောင်းသား ဟန်ဆောင်ပြီး ဓားနဲ့တက်ခုတ်တယ်ဆိုတဲ့ ရွာကပေါ့” ဟု ဂုဏ်ယူဝင့်ကြွားသည့် လေသံနှင့် ပြောပါသည်။ (ရွာအမည်တော့ လုံခြုံရေးအရ မဖော်ပြပါ)

“ကျမ အရင်က နားနည်းနည်းလေးတယ်၊ အခုပိုလေးသွားတယ်။ ကျမ အနားကပ်ပြီး သေနတ်တွေ အချက်ပေါင်းများစွာ ဖောက်လို့ပါ။ ရွာကို စစ်ကြောင်းဝင်ထိုးတယ်။ PDF တွေကို ထမင်းကျွေးလို့တဲ့၊ ကျမရော ကျမ အဘိုးကြီးအပါအဝင် ရွာကလူတွေကို သတ်မလို့ လုပ်နေတုန်း စိတ်ကောင်းရှိပုံရတဲ့ သူတို့အရာရှိက ဝင်တားလို့ အသတ်မခံရတာ။ တချို့တော့ အသတ်ခံလိုက်ရတယ်” ဟူ၍ သေကံမရောက်၊ သက်မပျောက်ခဲ့သည်ကို ကြုံနေကျ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ သူမက ပြောသွား၏။

“ဒီလိုပါပဲ၊ ဒီဘက်ရွာလာရင် ဟိုဘက်ပြေး၊ ဟိုဘက်ရွာလာရင် ဒီဘက်ပြေးပေါ့၊ တခါတော့ ပြေးရတာ ရက်နည်းနည်း ကြာသွားတော့ ရွာမှာကျန်ခဲ့တဲ့ မျက်မမြင် အဘွားကြီးတယောက် အစာရေစာပြတ်ပြီး သေနေတယ်” ဟူ၍ သူမတို့ ကြုံနေရသည့် အခြေအနေကို သူမပြော‌ဆိုချက်များထဲက ထင်းကနဲ၊ ရှင်းကနဲ တွေ့ရသည်။

“စစ်တပ်က ကြောက်တာ မိုင်းပဲ၊ အခုနောက်ပိုင်း စစ်ကြောင်းထိုးရင် ပျူ (ပျူစောထီး) တွေကို ရှေ့ဆုံးက အရင်တက်ခိုင်းတယ်။ မိုင်းထိလို့ ကျသွားပြီမှ သူတို့နောက်က ရဲရဲတင်းတင်း တက်လာကြတယ်။ ပျူတွေသေရင် အလောင်း မကောက်ဘူး။ အနားက အိမ်တအိမ်ကို မီးရိူ့ပြီး မီးပုံထဲ ပစ်ထည့်ခဲ့တာပဲ” ဆိုသည့် သူမ၏ စကားထဲမှ အညာဒေသအခြေအနေကို ကွင်းကွင်းကွက်ကွက် မြင်နိုင်၏။

“ရွာမှာရှိတဲ့ ကလေးတွေလည်း ပြန်တော့ ပစ်တာပေါ့။ ဒါပေမယ့် လက်နက်ချင်း မယှဉ်နိုင်ဘူးလေ။ တူမီးနဲ့ ပစ်ရတာဆိုတော့ တချက်၊ နှစ်ချက်ပစ်ပြီး ပြေးရတာ” ဟု ဆိုသည်။ သူပြောသည့် ရွာထဲက ကလေးများ ဆိုသည်မှာ PDF များ၊ နယ်ခံပြောက်ကျားတပ်ဖွဲ့များကို ရည်ညွှန်းသည်။ ထိုတပ်ဖွဲ့များကို သူမတို့ ရပ်ရွာ၏ သားသမီးရင်သွေးငယ်များ၊ ကလေးများအဖြစ် သဘောထားသည့် သူမ၏အမြင်ကို ရှင်းလင်းစွာ မြင်နိုင်သည်။

“အခု နောက်ပိုင်းတော့ သိပ်မပြေးရတော့ဘူး။ အရင်လို အခြေအနေ မဟုတ်တော့ဘူးလေ။ သူပစ်ကိုယ်ပစ် ပြန်ပစ်ကြတဲ့ အခြေအနေ ဖြစ်သွားပြီ။ စစ်ကြောင်းထိုးတာလည်း အရင်လို မစိပ်တော့ဘူး။” အညာသူမကြီးက ဆိုသည်။ သူ့စကားထဲမှ အညာ PDF များ၏ လက်နက်တပ်ဆင်နိုင်မှု တိုးတက်လာခြင်း၊ PDF များ တိုက်ပွဲ အတွေ့အကြုံရှိလာခြင်းနှင့် အားယုတ်လျော့လာသည့် စစ်တပ်အခြေအနေကို မြင်တွေ့နေရ၏။

“ရွာနဲ့မြို့နဲ့က တမိုင်လောက်ပဲ ဝေးတာ။ သူတို့က (စစ်တပ်) မြို့ထဲမှာပဲ နေကြတယ်။ ကိစ္စမရှိရင် အပြင်မထွက်ကြတော့ဘူး။ မြို့ထဲကိုလည်း အပြင်လူ အဝင်မခံဘူး” ဟု နယ်မြေအခြေအနေ၊ စစ်တပ်နှင့် PDF ကြား သူစည်းကိုယ်စည်း အခြေအနေကို ပြောပြသည်။

“အမူအခင်းဖြစ်ရင် ရွာက ကလေးတွေကိုပဲ တိုင်ရတယ်။ သူတို့ ရှင်းပေးတယ်” ဟု ဆိုသည်။ သူပြောသည့် ရွာက ကလေးတွေဆိုသည်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များကို ဆိုလိုပုံရပါသည်။ သူမ၏ စကားထဲမှ လက်ရှိ အညာ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အခြေအနေကို တွေ့ရသည်။

“ကျန်းမာရေးကိစ္စဖြစ်ရင် ရွာမှာ CDM လုပ်ထားတဲ့ ကျန်းမာရေးမှူး ရှိတယ်။ သူကြည့်ပေးတယ်။ ရောဂါကြီးရင် မန္တလေးအထိ သွားကုရတယ်။ ဝက်လက်မြို့ထဲက ဖြတ်မရလို့ ကျေးရွာချင်းဆက် လမ်းတွေကတဆင့် ကားလမ်းပေါ် ရောက်အောင် သွားရတယ်” ဟု ရွာ၏ ကျန်းမာရေး ကုသမှုအခြေအနေနှင့် ရွာတွင် ကုမရပါက ရွှေ့ပြောင်းကုသမှု အခြေအနေကို ပြောပြသည်။

“ကျောင်းကတော့ ရွာကငှားထားတဲ့ ဆရာမတွေ စာသင်ကြတယ်” ဟူ၍ ရွာ၏ ပညာရေးအခြေအနေကို ‌သူက ရှင်းပြသည်။

အညာသူ အမျိုးသမီးကြီး၏ နောက်ဆုံး နိဂုံးချုပ်စကားက “ရွာပဲပြန်မယ်။ ရန်ကုန်မှာ တခုခုဖြစ်ရင် ပြေးစရာနေရာ မရှိဘူး။ ရွာမှာက ဘယ်ရွာပြေးပြေး ကိုယ့်အမျိုးတွေရှိတယ်” ဟူ၍ ဖြစ်၏။

ဤအချက်များသည် ဤရက်ပိုင်းအတွင်း ဝက်လက်က လာသည့် အညာသူ အမျိုးသမီးကြီးတယောက်နှင့် စကားစမြည်ပြောရင်း သိရသည့်အချက်များ၊ သတင်းမီဒီယာစကားနှင့် ဆိုလျှင် အင်တာဗျူးရသည့် အချက်အလက်များ ဖြစ်ပါသည်။ အညာဒေသ အခြေအနေနှင့် ပတ်သက်၍ အညာဒေသမှ ရှောင်မပြေးဘဲ၊ ရှောင်ပြေးရန် မစဉ်းစားသည့် ကိုယ်တိုင် ကြံ့ကြံ့ခံရပ်တည်နေသည့် အညာသူမကြီးတဦး၏ အညာဒေသနှင့် ပတ်သက်သည့် ရိုးစင်းစွာလှသည့် အမြင်လည်း ဖြစ်၏။

သူမ၏ ပြောဆိုချက်များမှာ တိုတောင်းလှသော်လည်း သူမ၏ စကားများထဲမှ အညာဒေသ၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သကဲ့သို့ စဉ်းစား တွေးတောစရာများလည်း ရနိုင်ပါသည်။

✍🏻: ဇေယျ (အညာ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *