၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးကြီးတွင် ပါဝင်နေပြီး ဆက်တိုက်အောင်ပွဲရနေဟု NUG ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်ဖော်ဆောင်လျက်ရှိသည့် ၁၀၂၇ စစ်ဆင်ရေးကြီး၏ တကျော့ပြန် စစ်ဆင်ရေးများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိကာ အောင်ပွဲများဆက်တိုက်ရနေသည်ဟု NUG-MOD မှ ယနေ့ (ဇွန်လ ၂၇ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို NUG မှ “ရှမ်းမန်း” စစ်ဆင်ရေးဟု သုံးနှုန်းပြီး ထူးခြားချက်မှာ ရှမ်းမြောက်ဒေသနှင့် ဆက်စပ်လျက် မန္တလေးတိုင်းထဲသို့ပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် တော်လှန်ရေး အင်အားစုများ ထိုးဖောက် ဝင်ရောက် စစ်ဆင်နေခြင်းဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁)၊ ( ၁၂၂၂) ၊ (၁၂၂၃) ၊( ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲ ခရိုင် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပကဖ၊ မိုးကုတ် မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ တို့ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း NUG က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ် မြို့တို့တွင် တိုက်ပွဲဝင်နေခြင်းဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် စစ်ဆင်ရေး သုံးရက်တာအတွင်း မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ နေရာများ၊ ခြေမြန်တပ်ရင်း (၁၁၅)၊ အမြောက်တပ် (၆၀၆) တို့ကို NUG လက်အောက်ခံတပ်ရင်းများနှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က သိမ်းပိုက်ထားသည်။

“မြို့ထဲတော့ MDY PDF တွေ လုံခြုံရေးစယူနေပြီ” ဟု ယနေ့ ညပိုင်းအခြေအနေကို နောင်ချိုမြို့ဒေသခံတဦးမှ ည ၇ နာရီခန့်အချိန်တွင် မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကျောက်မဲမြို့နယ်တွင်လည်း နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် NUG ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။

မိုးကုတ်မြို့နယ်တွင်လည်း မြို့အနောက်ပိုင်းရှိ တပ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်ထားနိုင်ပြီး မြို့အရှေ့ပိုင်းသို့ ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း မြို့ခံများက ပြောသည်။

မတ္တရာမြို့နယ်၌လည်း ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင် စခန်းတို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း NUG ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းမန်း စစ်ဆင်ရေး၏ ထူးခြားချက်မှာ ရှမ်းမြောက်ဒေသ နှင့် ဆက်စပ်လျက် မန္တလေးတိုင်းထဲသို့ပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် တော်လှန်ရေး အင်အားစုများ ထိုးဖောက် ဝင်ရောက် စစ်ဆင်နေခြင်းဖြစ်ကြောင်းလည်း NUG ကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ရေများစွာပြုလုပ်လျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်းနှင့် အရေအတွက်အတိအကျကိုမူ စစ်ရေးအခြေအနေများအရ အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသတွင်း အကူအညီပေးနေသူများက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *