၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးစတင်ခဲ့သည့် ပခုက္ကူမြို့တွင် သံဃာတော်များ ကံဆောင်သပိတ်ပြုလုပ်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးစတင်ခဲ့သည့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုလုပ်၍ စစ်ကောင်စီတပ်အား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၇ ရက်)တွင် မကွေးတိုင်း၌ ဒုတိယမြောက် ကံဆောင်သပိတ်ပြုလုပ်သည့်မြို့နယ်အဖြစ် ပခုက္ကူမြို့နယ်မှ သံဃာတော်များပါ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်လာခြင်း ဖြစ်သည်။

ယနေ့နံနက်ပိုင်းကပင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ သံဃာတော် အပါး ၁၀၀ကျော်ကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး လမ်းပေါ်ထွက်ကာ မေတ္တာသုတ်ရွတ်ဖတ်လှည့်လည်ခဲ့ကြသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအား ပခုက္ကူမြို့က သံဃာတော်များမှ ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်၍ စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇တွင် စစ်အစိုးရက လောင်စာဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာရာမှ သံဃာတော်များဦးဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြရာ စစ်အစိုးရအား ကံဆောင်သပိတ်မှောက်ခဲ့ကြသည်။

လောင်စာဆီစျေးများမြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ရှိ သံဃာတော်များက ၂၀၀၇ စက်တက်ဘာ ၅ရက်တွင် စတင်ဆန္ဒပြခဲ့ရာ စစ်တပ်က သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်သည်အထိ ပြင်းထန်စွာဖြိုခွင်းခဲ့သည်။ ထို့နောက် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် ဒေသအသီးသီး၌ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ကာ လှည့်လည်ဆန္ဒပြခဲ့ကြပြီး စစ်တပ်ကလည်း သံဃာတော်များအား ဖြိုခွင်းပစ်သတ်ခဲ့သည်။

၂၀၀၇ ဩဂုတ် ၁၅ရက်စတင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များက စက်တင်ဘာ ၂၆ ရက်အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

ယခု ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်းနှင့် မုံရွာမြို့နယ်များ၌ လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်နှင့်ပခုက္ကူမြို့နယ်များ၌လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း ၈ မြို့နယ်အထိ ရှိလာသည်။

(ပခုက္ကူမြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေစဥ် ဓာတ်ပုံ – CJ)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top