နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေ သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်

စစ်ဆင်ရေး သုံးရက်အတွင်း တပ်စခန်း (၃၀)နီးပါး သိမ်းပိုက် ရရှိဟု TNLA ထုတ်ပြန်

ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေကို အပြီးသတ် သိမ်းပိုက်ရရှိရေး အရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“(ကျောက်မဲ)က နောင်ချိုနဲ့ အတူတူ ဖြစ်မယ် ထင်တယ်။ လက်ရှိကတော့ ခမရ ၅၀၁နဲ့ ၅၀၂မှာ တိုက်ပွဲ ပြင်းထန် နေတယ်။ လက်ရှိတော့ စစ်ကောင်စီ တပ်စခန်းတွေ ကျန်ပါသေးတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အတည်ပြုနိုင်ခြင်း မရှိသေးဘူ ။ (နောင်ချို၊ ကျောက်မဲ နဲ့ မိုးကုတ်) ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေဆဲပဲ”

ဇွန်(၂၅)ရက်က စတင်တဲ့ တအာင်းပြည်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ရဲ့ တတိယရက်မှာ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်နဲ့ သီပေါမြို့နယ် ငါးခုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်မြို့ ကျပ်ပြင် ရဲစခန်းနဲ့ နောင်ချိုမြို့နယ် အုမ္မခါးရွာ စစ်အုပ်စု စခန်းကို ထပ်မံ သိမ်းပိုက်နိုင်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

“ကျွန်မတို့ ရရှိထားတဲ့ သတင်းအရ သုံးရက်မြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း((၂)မှာ နောင်ချိုဘက်မှာဆိုရင် စစ်ကောင်စီ တပ်စခန်းရဲ့ ရမခ ၁၁၅၊ အုမ္မခါး တပ်စခန်းတွေရယ်၊ လက်ရှိတိုက်ပွဲ ဖြစ်နေတဲ့ ၆၀၆မှာလည်း တိုက်ပွဲ ဖြစ်နေတယ်။ မိုးမိတ်ဘက်မှာလည်း နေ့လည်ဝန်းကျင်က လည်ကြီး တိုက်ပွဲ ဖြစ်နေတယ်။ မိုးကုတ်ဘက်မှာလည်း အေးစေတီတို့၊ နောင်ပစ်တို့၊ ကြပ်ပြင် ရဲစခန်းမှာလည်း တိုက်ပွဲ ဖြစ်နေပါတယ်။ ကျောက်မဲမှာ ကျတော့ တပ်စခန်းတွေ ကျန်ပါသေးတယ်။ ၁၁၄တို့ အခြားသော စခန်းတွေလည်း ကျန်ပါသေးတယ်။ ၆၀၆ ကလည်း တိုက်နေတုန်းပဲ”

TNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ ဇွန်(၂၅)ရက်နဲ့ (၂၆)ရက်မှာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်က စစ်အုပ်စု စခန်း(၂၄)ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေး သုံးရက်မြောက်မှာ နောက်ထပ် စခန်း နှစ်ခု ထပ်မံသိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။

အထက်ပါ ငါးမြို့နယ်က စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီနေ့ ဇွန်(၂၇)ရက် မနက်ပိုင်း မိုးကုတ်မြိုနယ် အေးစေတီမှာ တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း ခလရ (၈၈) လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို ကျောက်မဲမြို့က စစ်အုပ်စုရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ(၁)၊ ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ (၅၀၂)တပ်၊ စည်ပင် ဘုန်းတော်ကြီးကျောင်းနဲ့ နောင်ပြစ်စတဲ့ နေရာတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး TNLA နဲ့ MDY-PDF ပူးပေါင်းတပ်နဲ့ စစ်အုပ်စုကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) – ၁၁၄ တပ်စခန်းကို TNLA က ဒီမနက်ပိုင်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကာလ တတိယရက်မှာ လက်နက်ချ အလင်းဝင်တဲ့ ကျောက်မဲမြို့နယ်က စစ်အုပ်စု (၁၇)ယောက်နဲ့ အတူ (၆၀မမ) နှစ်လက်၊ စက်လတ် ခြောက်လက်၊ (RPG-7) နှစ်လက်၊ စနိုက်ဘာ တစ်လက်၊ ပစ္စတို ငါးလက်၊ မိုင်း၊ ဗုံးသီး၊ စစ်အသုံးအဆောင် ပစ္စည်း၊ လက်နက်မျိုးစုံ (၅၉)မျိုးနဲ့ ခဲယမ်းတွေ အများအပြား ထပ်မံ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲနေပြီး နောင်ချိုမြို့ ခမရ (၁၁၄)တပ်စခန်းကို တိုက်ခိုက်နေချိန် (Y-12) လေယာဉ်၊ ဂျတ်ဖိုက်တာ တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲသလို နောင်ချို (၆၀၆)တပ်စခန်းကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ဒီမနက်(၁၁)နာရီမှာ စစ်အုပ်စုက Y-12 လေယာဉ်နဲ့ ငါးကြိမ်၊ Jet Fighter (တိုက်လေယာဉ်)နဲ့ (၁၈) ကြိမ် လာရောက်ဗုံးကြဲခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

ဇွန်(၂၅)ရက်နဲ့(၂၆)ရက်မှာ စစ်အုပ်စုက လေကြောင်း ဗုံးကြဲလို့ ကျောက်မဲမြို့ခံ ပြည်သူ ခြောက်ဦး သေဆုံးပြီး (၂၀)ဝန်းကျင် ဒဏ်ရာ ရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇွန်(၂၇)ရက်မှာ မိုးကုတ်မြို့မှာလည်း လက်နက်ကြီးထိလို့ ကိုရင် အပါအဝင် ဒေသခံ ငါးဦးထက်မနည်း သေဆုံးကာ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ(၁၂)လုံး ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်က ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ တချို့က တိုက်ပွဲဧရိယာထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ TNLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ ဇွန်(၂၇)ရက် တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – TNLA


Comments

Leave a Reply

Your email address will not be published. Required fields are marked *