စစ်ကောင်စီအား ပံ့ပိုးနေသည့် ထိုင်းဘဏ်များ စုံစမ်းမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

စစ်တပ်၏ လက်နက်ဝယ်ယူမှုအပါအဝင် အထောက်အပံ့ကောင်းများ ရရှိစေရန် ထိုင်းဘဏ်များက ပံ့ပိုးနေသည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် အလေးအနက်ထား စုံစမ်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းသတင်းများတွင် ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးက စစ်ကောင်စီသည် ထိုင်းဘဏ်များမှတဆင့် စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူနေကြောင်း ဇွန်လ ၂၆ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီ၏ လက်နက်ဝယ်ယူမှုများမှာ တနှစ်အတွင်း နှစ်ဆ တိုးပြီး ဒေါ်လာ သန်း ၁၂၀ ကျော်အထိ မြင့်တက်လာကြောင်း၊ အဆိုပါ ဝယ်ယူမှုများတွင် ငွေကြေးလွှဲပြောင်းမှု ချောမွေ့ အဆင်ပြေစေရန် ထိုင်းဘဏ်အချို့က ကူညီပေးခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစီရင်ခံစာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း Kaohoon သတင်းဌာနကို ပြောသည်။

ထိုင်းအခြေစိုက်ဘဏ်များမှတဆင့် စစ်ကောင်စီအတွက် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုး လက်နက်နှင့် ဆက်စပ်ပစ္စည်းဝယ်ယူတင်ပို့မှုများ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၃၀ နီးပါးအထိ နှစ်ဆကျော်တိုးလာကြောင်း အစီရင်ခံစာက ဆိုသည်။

အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အသုံးပြုသည့် Mi-17 နှင့် Mi-35ရဟတ်ယာဉ်များအတွက် လိုအပ်သော အစိတ်အပိုင်းများကို ယခင်က စင်ကာပူအခြေစိုက် အဖွဲ့အစည်းများမှတဆင့် စစ်ကောင်စီက ဝယ်ယူခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံအရင်းအမြစ်များမှတဆင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

ဥပမာအားဖြင့် Siam Commercial Bank သည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် လက်နက်နှင့် စစ်ပစ္စည်းဝယ်ယူမှု ဒေါ်လာ ၅ သန်းသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၁၀၀ အထိ တိုးလာကြောင်း ဆိုထားသည်။

SCB ဘဏ်အနေဖြင့် လက်နက်ရောင်းဝယ်ခြင်းများနှင့် ချိတ်ဆက်မှုမရှိဟု ငြင်းဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

SCB ဘဏ်မှ “ဒီအရောင်းအဝယ်တွေဟာ သတင်းမှာ ဖော်ပြထားတဲ့အတိုင်း လက်နက်ရောင်းဝယ်ရေးနဲ့ မချိတ်ဆက်ဘဲ စုစုပေါင်းတန်ဖိုးဟာ မနှစ်ကနဲ့ ယှဉ်ရင် သိသိသာသာ တိုးမလာပါဘူး။ ဘဏ်ဟာ တိကျမှန်ကန်မှုကို စစ်ဆေးရန် လုံ့လစိုက်ထုတ်ပြီး ငွေလွှဲမှုများကို မလုပ်ဆောင်မီ သက်ဆိုင်ရာအာဏာပိုင်များထံ အစီရင်ခံတင်ပြပါတယ် “ ဟု ပြောသည်။

နိုင်ငံတကာဘဏ်များအနေဖြင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများတွင် ဘဏ္ဍာရေး ဝန်ဆောင်ပေးနေမှုများကို ရပ်တန့်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *