စစ်သားများ အရပ်ဝတ်ဖြင့်ထွက်ပြေးနေ၍ ဒေသခံများ အိမ်ထဲ၌ ‌နေထိုင်ရန်မိုးကုတ်ဗျူဟာသတိပေး

မိုးကုတ်မြို့တွင် စစ်သားများ အရပ်ဝတ်ဖြင့်ထွက်ပြေးနေ၍ ဒေသခံများ အိမ်ထဲ၌ ‌နေထိုင်ရန်မိုးကုတ်ဗျူဟာသတိပေး

မိုးကုတ်မြို့တွင်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် ထွက်ပြေးနေ၍ လိုက်လံရှင်းလင်းနေပြီး ဒေသခံများ အိမ်ထဲ၌ ‌နေထိုင်ပေးကြရန် မိုးကုတ်ဗျူဟာက သတိပေးချက် ထုတ်ပြန်သည်။

မိုးကုတ်မြို့မှစစ်ကောင်စီစခန်းများကို TNLA ၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့(ဇွန်လ ၂၈ ) နေ့လယ်၁၂နာရီခန့်တွင် မိုးကုတ်ဗျူဟာက အရေးပေါ် သတိပေးခြင်းဖြစ်သည်။

ဇွန်ဘ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်မှစတင်ကာ မိုးကုတ်မြို့ ထဲသို့ ပူးပေါင်းတပ်ဖွဲ့များဝင်ရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်‌နေခြင်းဖြစ်သည်။

“စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ပြေးတာ တွေ့တယ်။ ဘယ်သူမှ အပြင်မထွက်ဖို့ အချင်းချင်း သတိပေးနေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

TNLA ကလည်း ဇွန်လ ၂၇ရက် မိုးကုတ်မြို့နယ်တိုက်ပွဲအ​ခြေအ​နေကို ထုတ်ပြန်ရာ အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းအား TNLAက ထိုးစစ်ဆင်ခဲ့ပြီး မိုးကုတ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုအပြင် မိုးကုတ် မြို့တိုက်ပွဲတွင် ​တော်လှန်​ရေးတပ်ဖွဲ့များက ဇွန် ၂၇ ရက်အထိ အေးစေတီ ခလရ(၁၄၈) တပ်စခန်း၊ မိုးကုတ်ရဲစခန်း ၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ရွှေသာယာ ၊ ပန်းသပြေ ၊ ဖြူရောင်ကုန်းရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထားသည်။ ကျန်ရှိ​နေ​သော စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်​နေသည်။

မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်တွင် ဇွန် ၂၇ ရက်နေ့လည်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟုTNLA ကအသိ​ပေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *