တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီဝန်ထမ်းတွေနုတ်ထွက်ဖို့ KNU သတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU ) က တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ နုတ်ထွက်တာ ၊ပြောင်းရွှေ့တာ ပြုလုပ်ဖို့ ဒီနေ့ ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်လာပါတယ်။

ဒူးပလာယာခရိုင် ၊ တပ်မဟာ (၆)နယ်မြေထဲမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာရှုပ်ထွေးမှုတွေဖြစ်ပေါ်နေလို့ အခုလို ထုတ်ပြန်တာလို့လည်း KNU က ဆိုထားပါတယ်။

တပ်မဟာ ၆ နယ်မြေ ထဲက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံး နှုတ်ထွက်ကြဖို့ ၊ ဒါမှမဟုတ် ပြောင်းရွှေသွားကြဖို့ KNU အသိပေးပါတယ်။

စစ်ကောင်စီလက်အောက်က ထွက်ပြီး ပူးပေါင်းနိုင်တယ်လို့လည်း KNU က ကမ်းလှမ်းပါသေးတယ်။

ဒူးပလာယာခရိုင်ထဲမှာ လက်ကျန် ဌာနဆိုင်ရာဝန်ထမ်းတွေ ရှိနေသေးတယ်လို့ အဲဒီခရိုင်အမြဲတမ်းကော်မတီဝင်တစ်ဦးကပြောပါတယ်။

” တချို့သော စကစရဲ့ လက်ကျန်ဝန်ထမ်းတွေပေါ့၊ အဲ့ဒါလေးတွေ ရှိတဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ပေါ့နော်” လို့ ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီဝင်ကဆိုပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံတာ၊ ကူညီတဲ့ လုပ်ဆောင်မှုတွေ မလုပ်ကြဖို့ကိုလည်း KNU ကတားမြစ်ထားတာတွေ့ရပါတယ်။

ဒီတားမြစ်ချက်တွေကိုမလိုက်နာရင် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ ဒူးပလာယာခရိုင်ဟာ KNU ရဲ့ နယ်မြေသတ်မှတ်ပုံအရ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူဒေသဖြစ်ပါတယ်။

ဒူးပလာယာခရိုင်ထဲမှာပါတဲ့ ကျိုက်ဒုံမြို့ ၊ စုကလိနဲ့ ဘုရားသုံးဆူမြို့တွေမှာတော့ စစ်ကောင်စီ ရဲ့အုပ်ချုပ်ရေးမရှိတော့ဘူးလို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *