မြဝတီ တပ်မ ၄၄ တပ်မမှူး စစ်ကောင်စီ စစ်ဆေး

မြဝတီ မြို့စောင့်တပ်ဖြစ်သော ခလရ-၂၇၅ တပ်ရင်းဌာနချုပ်အား ယခုနှစ် ဧပြီလ ၁၁ ရက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်စဉ် ထိုင်းမြန်မာနယ်စပ်အနီး အမှတ် ၂ ချစ်ကြည်ရေးတံတားသို့ ဆုတ်ခွာပြီး ခုခံတိုက်ခိုက်ခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်အား အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် စစ်ကောင်စီက စစ်ဆေးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ စစ်ဆေးနေတာတော့ နဲနဲကြာနေပြီ၊ အခုထိတော့ အမိန့်မချသေးဘူး” ဟု ဧရာဝတီသတင်းရင်းမြစ်တဦးက ဆိုသည်။

ယင်းသို့ အမှတ် ၂ ချစ်ကြည်ရေးတံတားခြေရင်းတွင် စခန်းချနေသော တပ်မ ၄၄ တပ်မမှူးနှင့်အဖွဲ့အား KNLA/PDF တပ်များက သွားရောက်တိုက်ခိုက်ခဲ့၍ တပ်မမှူး ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသည်။

ထို့နောက် တပ်မမှူးအား ထိုင်းအစိုးရ၏အကူအညီဖြင့် ရဟတ်ယာဉ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်ခဲ့ပြီး ဒဏ်ရာ သက်သာလာပြီးနောက် ယင်းသို့ အစစ်ဆေးခံနေရခြင်း ဖြစ်သည်။

အဆိုပါ ခလ၇ ၂၇၅ တပ်စခန်းနေရာ၌ နေရာယူထားသည့် ကရင် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာ ပေးလိုက်ပြီး နောက် ကရင်နယ်ခြားစောင့်တပ် (BGF)၏ အကူအညီဖြင့် စစ်ကောင်စီဘက်က ပြန်လည် နေရာယူခဲ့သည်။

ပုံစာ- စစ်ဆေးခံနေရသည်ဆိုသော ဗိုလ်မှူးကြီး စိုးမင်းထက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *